ပြည်သူတို့ အခွန်ထမ်း၍ ဆက်သွယ်ကြသည်

147.jpg

“အလှူပေးသည်ဟု သဘောထား၍” အခွန်ပေးဆောင်ကြရန် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက တိုက်တွန်းလိုက်ကြောင်း ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ထုတ် The Voice Daily သတင်းစာ၌ ဖော်ပြထားသည်။

တယ်လီဖုန်းဆက်သွယ်ရေး စနစ်အားလုံး အတွက် ဇွန်လ ၁ ရက်မှ စတင်၍ အသုံးပြုသည့် ဘီလ်ပမာဏအပေါ် မူတည်ပြီး Commercial Tax အဖြစ် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ မေလ ၁၈ ရက်တွင် ကြေညာသည်။

တယ်လီဖုန်း ဆက်သွယ်မှုစနစ်အတွက် အသုံးပြုသည့် ဘီလ် ပမာဏအပေါ် မူတည်ပြီး အခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရခြင်းသည် စားသောက်ဆိုင်များ၌ ပေးဆောင်ရသည့် အခွန်နှင့် အလားသဏ္ဍာန် တူညီကြောင်း၊ မြန်မာနိုင်ငံမှ ကောက်ခံသည့် အခွန်အခသည် အခြားသော နိုင်ငံများထက် သက်သာမှုရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးခင်မောင်သက်က ပြောသည်။

“စားသောက်ဆိုင်မှာ အခွန်မပေးချင်ရင် လမ်းဘေးမှာစားလို့ ရတယ်။ ဒါကတော့ ရွေးချယ်ခွင့်မရှိဘူး။ ဘေးကျပ်နံကျပ်ပဲ”ဟု Myanmar ICT Development Organization မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ကိုနေဘုန်းလတ်က ဆိုသည်။ ထို့အပြင် ရရှိလာသည့် အခွန်များကို ပြန်လည် အသုံးပြုရာ၌ ပွင့်လင်း မြင်သာမှုရှိရန်လည်း အလွန် အရေးကြီးကြောင်း ကိုနေဘုန်းလတ်က ပြောသည်။

စားသုံးသူ ပေးဆောင်ရသည့် အခွန် (Commerical Tax) မှ ရရှိလာသည့် ဘဏ္ဍာများကို နိုင်ငံ၏ လိုအပ်ချက် ဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ၌ ပြန်လည် အသုံးပြုသွားရမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ဆိုသည်။

“သယံဇာတကြွယ်ဝတဲ့ နိုင်ငံတွေကတော့ အခွန်ကောက်လေ့ မရှိဘူး။ မြန်မာက သယံဇာတ ကြွယ်ဝတဲ့ အဆင့်မှာမရှိဘူး။ အလွဲသုံးစား လုပ်နေတာက တစ်ပိုင်းပါ။ အကျိုး စီးပွားရှိလို ဖုန်းဆက်တာကတော့ အခွန်တော့ ပေးရမှာပဲ။ နိုင်ငံတကာကတောင် မြန်မာက အခွန်ကနေရတာနည်းလို့ ဝိုင်းပြောနေကြသေးတယ်။ ဒီမှာက ရတဲ့ အခွန် ကိုလည်း စနစ်တကျ မသုံးဘူး။ ငါတို့ကလည်း အခွန်ပေးစရာမလိုဘူးဆိုတဲ့ ပုံစံတွေဖြစ်နေ ကြတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

၂၀၁၅ – ၂၀၁၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အခွန်အကောက်များ ကောက်ခံရန် မှုလလျာထားချက်အရ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခြင်းကြာင့် ကောက်ခံသည့် အခွန်အကောက် ကျပ် သန်းပေါင်း ၅၂၉၈၈၀.၀၀၀ ရရှိမည်ဟု ခန့်မှန်းထားသည်။

“နိုင်ငံတော်ရဲ့ နှစ်စဉ်ရငွေနဲ့ သုံးငွေကိုကြည့်ရင် သုံးငွေက အမြဲ ပိုနေတယ်။ အခွန်အကောက်က ရတဲ့ဝင်ငွေကလည်း အရမ်းနည်းတယ်။ စီးပွားရေးလုပ်းငန်းတွေမှာ အခွန်ဘက်က လူတွေ စောင့်ကြည့် နေလို့ရပါတယ်။ စီးပွားရေးသမားတွေက လာဘ်ထိုးလို့ မမှန်တာတွေ ကတော့ တစ်ပိုင်းပေါ့” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

ဆက်သွယ်ရေးစနစ်အတွက် ကောက်ခံမည့် Commercial Tax ကို ဆက်သွယ်ရေး အော်ပရေတာများက ပြိုင်ဆိုင်မှုအနေဖြင့် အသုံးချ၍ အသုံးပြုသူများ ကိုယ်စား နိုင်ငံတော်သို့ စိုက်ထုတ်ပေးခြင်း မပြုလုပ်နိုင်ကြောင်း၊ ဥပဒေအရ စားသုံးသူများထံမှသာ Commercial Tax ကို ကောက်ခံရမည်ဖြစ်ကြောင်း ဦးသန်းထွန်းအောင်က ပြောသည်။

“အခြားနိုင်ငံတွေမှာ ကျွန်တော် ကြားဖူးသလောက် အသုံးပြုသူတွေဆီက ဖြတ်လေ့ မရှိဘူး။ အော်ပရေတာတွေကပဲ ဒီအခွန်ကို ကျခံပေးလိုက်တော့ အမြင်ရှင်းသွားတယ်။ စင်ကာပူမှာဆိုလည်း ဒီတိုင်းပဲ။ Postpaid ဆိုရင်တော့ သိသိသာသာ အခွန် ကောက်တာပေါ့နော်။ တကယ်တော့ တစ်မိနစ် ၅၀ ကျပ် သတ်မှတ်ထားလည်း ၁ သောင်းကျပ်ဖြည့်ရင် ၁ သောင်းကျပ်ရတဲ့အခါ အမြင် ရှင်းတာပေါ့”ဟု Technomation မှ စီအီးအိုဖြစ်သူ ကိုထူးမြင့်နောင်က ဆိုသည်။

ဆက်သွယ်ရေးစနစ်အတွက် အသုံးပြုသူများမှ ပေးဆောင်ရမည့် Commercial Tax ကို ယခင် ၂၀၁၄ – ၂၀၁၅ ခု ဘဏ္ဍာရေးနှစ်အတွက် အစိုးရမှ ကောက်ခံခြင်း မပြုခဲ့သည် မှာ ဈေးကွက်စတင် ဖွင့်လှစ် ဆောင်ရွက်နေ ချိန်ဖြစ်ပြီး ပြည်သူများအနေဖြင့် ခေတ်မီသော ဆက်သွယ်ရေးဝန်ဆောင်မှုကို ပျော်ရွှင်စွာအသုံးပြုနေသည့် အချိန် ဖြစ်သောကြောင့် တစ်နှစ်တာ ဆိုင်းငံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးသန်းထွန်းအောင်က ပြောသည်။

“အခြားနိုင်ငံတွေမှာ နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးတယ်။ နိုင်ငံတကာအဆင့်မီ အခွန်ကောက်တယ်။ ဒီမှာ နိုင်ငံတကာအဆင့်မီ အခွန်ကောက်ချင်ရင် ပြည်သူ လူထုကို နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုပေးဖို့ အရင်ကြိုးစားသင့်တယ်” ဟု Myanmar ICT Development Organization မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ကိုနေဘုန်းလတ်က ဆိုသည်။

ဆက်သွယ်ရေးစနစ်အတွက် အစိုးရမှ ကောက်ခံသည့် Commercial Tax ၅ ရာခိုင်နှုန်းသည် လက်တွေ့အားဖြင့် များပြားသည်ဟု မဆိုလိုသော်လည်း ပေးဆောင်သည့် အခွန် အတွက် ငွေဖြည့်ကတ်များပေါ်တွင် တံဆိပ်ခေါင်းများကပ်၍ ရောင်းချပေးပါက ပိုမိုသင့်လျော်သည်ဟု မိုဘိုင်းဖုန်းလိုင်းအသုံးပြုသူ တစ်ဦးဖြစ်သည့် မကေခိုင်ဝင့်က ဆိုသည်။

ပေးဆောင်သည့် အခွန်အခများကို ပြည်ထောင်စုအစိုးရထံ အကုန် ရောက်ရှိရေးနှင့် ပေးဆောင်ထားသည့် အခွန်များကို အသုံးချ၍ ပြည်ထောင်စု အစိုးရမှ နိုင်ငံသားများ အတွက် အကျိုးရှိစွာ ပြန်လည် အသုံးပြုစေရေးကို မိုဘိုင်းဖုန်း အသုံးပြုသူများက လိုလားတောင့် တနေသော်လည်း အစိုးရအဖွဲ့ထံ အခွန်ငွေများ အတိအကျ ပြန်လည် ရောက် ရှိစေရေးနှင့် ပတ်သက်၍ ဆက်သွယ်ရေး အော်ပရေတာများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းစွာ ပြောဆိုထားခြင်း မရှိခဲ့ပေ။

“ဥပမာ – MPT က သန်းပေါင်းဘယ်လောက်အတွက် အခွန်ဘယ် လောက်ပေးတယ် ဆိုတာ ပေးမှပဲရမှာပဲ။ သူတို့ Report တွေရှိ နေပေမယ့်လည်း မှန်တယ်၊ မမှန်ဘူး ဆိုတာ ဘယ်လိုစစ်မလဲ။ အဓိကလိုနေတာ e Government စနစ်ပဲ။ ဒီစနစ်ရှိရင် ကိုယ်က ဘယ်လောက်သုံးထားတယ်။ ဘယ်လောက် အခွန်ဆောင် ထားတယ် ဆိုတာ ငြင်းနေလို့ မရတော့ဘူး။ ဒီလိုစနစ်တွေမရှိဘဲ လုပ်နေလို့ကတော့ အဆဲခံရတာထက် ပိုပြီးတော့ အောင်မြင်လာစရာ မရှိဘူး” ဟု ကွန်ပျူတာ လုပ်ငန်းရှင် အသင်း (မန္တလေး) နာယကဖြစ်သူ ဦးရဲမြတ်သူက ပြောသည်။

တယ်လီဖုန်း ပြောဆိုခများအနေဖြင့် ထင်သလောက် ကျဆင်းခြင်း မရှိသည့် အချိန်အခါ၌ ယခုကဲ့သို့ အသုံးပြုသည့် ဘီလ်ပမာဏအပေါ် အခွန် ၅ ရာခိုင်နှုန်း ကောက် ခံခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် အခွန် ကောက်ခံပြီးပါက ပြည်သူများကို ပြန်လည်အကျိုးပြု လုပ်ငန်းများ လုပ်ကိုင်ပေးစေလိုကြောင်း မကေခိုင်ဝင့်က ဆိုသည်။

ဆက်သွယ်ရေး အော်ပရေတာများသည် ၎င်းတို့၏ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်ကိုသာ အများပြည်သူသို့ ထုတ်ပြန်ကြေညာ ပေးပြီး မိုဘိုင်းဖုန်း အသုံးပြုသူများထံမှ ရရှိလာသည့် ငွေကြေး ပမာဏကိုမူ အများပြည်သူထံ ထုတ်ပြန်ကြေညာခြင်း မရှိသည့်အတွက် ကောက်ခံ ရရှိသော အခွန်နှင့်ပတ်သက်၍ အခွန် ပေးဆောင်ရမည့် မိုဘိုင်းဖုန်း အသုံးပြုသူများက သံသယများ ရှိနေခဲ့သည်။

“အော်ပရေတာတွေက Report တွေ ပုံမှန်တင်ရပါတယ်။ Report တွေကနေ ဘယ်လောက် ကောက်ခံ ရရှိတယ်ဆိုတာကို သိနိုင်ပါတယ်” ဟု ဦးသန်းထွန်းအောင်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဆိုသည်။

ဆက်သွယ်ရေးစနစ် အခွန်အခနှင့် ပတ်သက်၍ ငွေဖြည့်ကတ်များကို အမှန်အကန် တိကျစွာ တံဆိပ်ခေါင်းများ ကပ်၍ ရောင်းချမည် ဆိုပါက လည်း ငွေဖြည့်ကတ်များ မဟုတ်သည့် e TopUp များအတွက် မည့်သို့ စီစဉ် ဆောင်ရွက်မည်ကို စိတ်ဝင်စားကြောင်း နည်းပညာ သတင်းထောက် တစ်ဦးက ပြောသည်။

ဥပဒေအရ ဆက်သွယ်ရေး စနစ်အတွက် ဘီလ်ဖြည့်သွင်း အသုံးပြုသော နိုင်ငံသားတိုင်း အခွန်ပေးဆောင်ရန် ငြင်းဆိုနိုင်မည် မဟုတ်သော်လည်း ပြည်သူများ အထိတ်တလန့် မဖြစ်စေရေး အတွက် သတင်းစာ ရှင်းလင်းပွဲကို နေပြည်တော်တွင် ပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

ဆက်သွယ်ရေးစနစ်အတွက် အသုံးပြုသည့် ဘီလ်ပမာဏအပေါ် မူတည်၍ အခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရန် သက်ဆိုင်ရာဝန်ကြီးဌာက သတင်း ထုတ်ပြန်ခဲ့သည့် နောက် ပိုင်း လူမှုကွန်ရက် စာမျက်နှာပေါ်၌ ဝေဖန်မှုများ ပြင်းထန်ခဲ့သည့်သော်လည်း အဆိုပါ ဝေဖန်သူများအတွက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အလှူပေးသည်ဟု သဘောထား၍ အခွန်ပေးဆောင်ကြရန် တိုက်တွန်းထားပြီးဖြစ်သည်။