Wolfenstein – The Old Blood

maxresdefault1-.jpg

 ၁၉၉၂ ခုနှစ်မှာထွက်ရှိခဲ့ပြီး World War II အတွင်းက Nazi တွေကို နှိမ်နှင်းရတဲ့ Wolfenstein 3D နှင့် ၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Doom တို့ဟာ ကမ္ဘာ့ပထမဆုံး First  Person Shooter ဂိမ်းတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သူ့ရှေ့ပိုင်းမှာတော့ First Person Viewpoint ကနေ ရှုမြင်သွားလာနိုင်တဲ့ Fantasy Adventure ဂိမ်းတွေ ထွက်ခဲ့ဖူးပေမယ့် Ammo စနစ်၊ Health & Armor စနစ်နှင့် လက်နက်စနစ်တွေနဲ့အတူ နောက်ပိုင်း FPS ဂိမ်းအများစုမှာ အသုံးပြုလာတဲ့ basic gameplay features တွေကတော့ Wolfenstein 3D ကနေ စတင်ခဲ့တာ တွေ့ရမှာပါ။ Wolfenstein ဂိမ်းတွေအနေနဲ့ ၂၀၀၁ ခုနှစ်မှာ Return to Castle Wolfenstein နှင့် ၂၀၀၉ ခုနှစ်မှာ Wolfenstein ဆိုတဲ့ နာမည်တွေနဲ့ ဂိမ်းတွေထွက်ရှိခဲ့ပြီး ၂၀၁၄ မှာတော့ MachineGames က ရေးဆွဲခဲ့တဲ့ Wolfenstein – The New Order ကို Publisher Bethesda Softworks က ဖြန့်ချိပေးခဲ့ပါတယ်။ Machine Games အနေနဲ့ New Order ကို Singleplayer သီးသန့်ဂိမ်းအဖြစ် ဖန်တီးခဲ့ပြီးတော့ ထွက်ရှိပြီး တစ်နှစ်အကြာမှာတော့ Wolfenstein – The Old Blood ကို stand-alone expansion ဂိမ်းသစ်အဖြစ် ဆက်လက် ဖြန့်ချိခဲ့တာ တွေ့ရမှာပါ။

Wolfenstein – The Old Blood ကို Wolfenstein – The New Order ဇာတ်လမ်းမတိုင်ခင် အချိန်မှာ နေရာယူထားတဲ့ Prequel ဂိမ်းအဖြစ် ကစားရမှာမို့လို့ World War II ကို Nazi တွေ အနိုင်ရရှိသွားတဲ့
ပုံစံ Alternate History ဇာတ်လမ်းမျိုး မဟုတ်သေးဘဲ Nazi တွေရဲ့ စမ်းသပ်မှုတွေကို တားဆီးရမယ့် အဓိက background  level နှစ်မျိုးနေရာက ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။ မူရင်းဇာတ်လိုက်ဖြစ်တဲ့ William “B.J.” Blazkowicz  နေရာကပဲ ဝင်ရောက် ကစားရမှာဖြစ်ပြီး Castle Wolfenstein ရဲတိုက်အတွင်းက တိုက်ပွဲတွေနဲ့ Wulfburg ရွာအတွင်းမှ တိုက်ပွဲတွေမှာ ဝင်ရောက် ကစားရမှာ ဖြစ်ပါတယ်။ The Old Blood အတွင်းမှာ B.J အစောပိုင်းရင်ဆိုင်ရမယ့် Nazi စစ်တပ်ဟာ The New Order တုန်းကလို General Deathshead ရဲ့ စမ်းသပ်မှုတွေကြောင့် စက်ရုပ်အရွယ်အစားမျိုးစုံနှင့်အတူ ရက်စက်တဲ့ စမ်းသပ်မှုတွေရဲ့ ရလဒ်ဖြစ်တဲ့ လူသားတစ်ပိုင်း၊ စက်ရုပ်တစ်ပိုင်း Cyborg ကြီးတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ Nazi Zombie ဖုတ်ကောင်တွေရော Shamblers လိုမျိုး သဘာဝလွန် Supernatural ရန်သူပုံစံသစ်တွေနဲ့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။

Storyline ကတော့ Single player သီးသန့် Campaign ကိုပဲ အသားပေး ရေးဆွဲထားပြီး Co-op ရော Multiplayer mode ရော လုံးဝမပါဝင်တဲ့အတွက် graphics တွေ cutscenes နှင့် unlockables တွေကို Singleplayer အတွက်သာ သီးသန့်ဖန်တီးပေးထားတာ တွေ့ရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ Action အသားပေး Cutscenes တွေနဲ့ ဆိုးသွမ်းတဲ့ လူဆိုးဇာတ်ကောင်တွေကြောင့် ဂိမ်းစဆော့ကတည်းက Chapter တစ်ခုပြီးတစ်ခု ဆက်တိုက်ကစားချင်အောင် ဆွဲဆောင်ထားနိုင်သလို graphics ပိုင်းကလည်း PC နှင့် next gen consoles ဖြန့်ချိထားတာမို့လို့ သူ့ရဲ့ main game ဖြစ်တဲ့ The New Order ထက်ပိုပြီး ကောင်းမွန်တာ တွေ့ရမှာပါ။ လက်နက်အနေနဲ့လည်း Shot gun၊ Submachine gun နှင့် Assault Rifle အစရှိတဲ့ လက်နက်တွေကို single handed သို့မဟုတ် သေနတ်နှစ်လက်တစ်ပြိုင်တည်း dual wield ကိုင်တွယ်နိုင်သလို On-rail Shooting အခန်းတွေလည်း ပါဝင်ပါတယ်။ Nazi တွေ အများကြီးကို တွေ့သမျှသတ်ပြီး ဆော့မလား ဒါမှမဟုတ် စစ်ကူခေါ်နိုင်မည့် Commander တွေကို သူတို့မသိအောင် Stealth ဆန်ဆန် Assassinate skill ဖြင့် လုပ်ကြံချင်လားဆိုတာ ကိုယ်တိုင်ရွေးချယ်နိုင်မှာဖြစ်ပြီး မိမိကစားပုံပေါ် မူတည်ကာ လက်ပစ်ဗုံး ပိုသယ်နိုင်ခြင်း၊ ခြေသံ ပိုလုံခြင်း အစရှိတဲ့ upgrade perk များကို ရရှိနိုင်ပါတယ်။ Prequel story ဂိမ်းဖြစ်လို့ အရင်ဂိမ်းက  upgrades တွေကိုတော့ import မလုပ်နိုင်ပေမယ့် upgrade perk အသစ်တွေလည်း နည်းနည်းပြင်ပေးထားသလို scored-based challenge mode တွေလည်း ပါဝင်ထားလို့ single player ဂိမ်းဆိုပေမယ့် တစ်ခေါက်ထက်ပိုပြီး ကစားချင်အောင် စီစဉ်ပေးထားပါတယ်။

Wolfenstein – The Old Blood ဟာ gameplay ပိုင်းရော Graphics ပိုင်းပါ ထူးခြား ကောင်းမွန်သလို၊ သူ့ရဲ့ မူလ old school FPS ဂိမ်း gameplay style ရော လက်ရှိ modern FPS တွေရဲ့ features တွေကိုပါ ကောင်းမွန်စွာ ရောစပ်ထားနိုင်တဲ့ Singleplayer သီးသန့် ဂိမ်းတစ်ခုဖြစ်ပြီး The New Order လောက် ကစားချိန်မရှည်ပေမယ့် FPS ပရိသတ်အားလုံးနီးပါး သေချာပေါက် အကြိုက်တွေ့မယ့် ဂိမ်းကောင်းတစ်ခုဖြစ်တာ တွေ့ရ ပါတယ်။