Coherent Navigation GPS ကုမ္ပဏီကို Apple ဝယ်ယူ

10339741_10152924931562825_690674232713104563_n.jpg

၂၀၀၈ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Global Position System (GPS) ကုမ္ပဏီ Coherent Navigation ကို Apple က ဝယ်ယူခဲ့ကြောင်း MacRumors မှ ဖော်ပြခဲ့သည်။ ထိုသတင်းထွက်ပေါ်လာပြီးနောက် GPS ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်မှာ အသုံးပြု၍ မရတော့သလို ၎င်း၏ LinkedIn စာမျက်နှာတွင်လည်း လက်ရှိတွင် လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းထားကြောင်း ပြောကြားထားသည်။

ထို့နောက် Apple က New York Times နှင့် အခြားသတင်းဌာနများထံ ကြေညာချက်ထုတ်ပြန်ပြီး ဝယ်ယူမှုကို အတည်ပြုခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် “Apple အနေဖြင့် နည်းပညာကုမ္ပဏီငယ်များကို ဝယ်ယူလျက်ရှိသော်လည်း ဝယ်ယူရသည့် ရည်ချက်နှင့် စီမံကိန်းများကို ဆွေးနွေးရန် မရှိကြောင်း” ဖော်ပြခဲ့သည်။

Coherent Navigation သည် ရှင်းလင်းတိကျစွာ ဖော်ပြပေးနိုင်သည့် လမ်းညွှန်စနစ်ဖြစ်သည်။ ၎င်းတွင် ကမ္ဘာ့ဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီ Iridium ၏ ဂြိုဟ်တုများမှ signal များဖြင့် ပေါင်းစပ်ထားသည်။ Iridium ၏ ဂြိုဟ်တုစနစ်သည် ကမ္ဘာ့မျက်နှာပြင်ရှိ ဖုန်းများနှင့် အခြားထုတ်ကုန်များအတွက် အသံနှင့် data ကို ထောက်ပံ့ပေးကြောင်း သိရသည်။

ထို့အပြင် Coherent Navigation ၏ GPS ကို အခြား GPS ထုတ်ကုန်များနှင့် နှိုင်းယှဉ်လျှင် ပိုမိုတိကျပြီး အတားအဆီး အနှောင့်အယှက်များကို ခံနိုင်ရည်ရှိစေရန် ရည်ရွယ်ဖန်တီးထားကြောင်း ဆိုသည်။

Apple သည် Coherent Navigation ၏ နည်းပညာကို ကုမ္ပဏီ၏ မြေပုံနှင့် တည်နေရာဝန်ဆောင်မှုများ အဆင့်မြှင့်ရာတွင် အသုံးပြုဖွယ်ရှိသည်။ Apple သည် လွန်ခဲ့သည့် နှစ်များကတည်းက မြေပုံနှင့် လမ်းညွှန်ကုမ္ပဏီများကို ဝယ်ယူခဲ့ပြီး PlaceBase ကို ၂၀၀၉ ခုနှစ်တွင်လည်းကောင်း၊ Locationary နှင့် Hopstop ကို ၂၀၁၃ ခုနှစ်တွင်လည်း ဝယ်ယူခဲ့သည်။

Ref: CNET