ယူကေတွင် ပညာသင်ယူမည့်သူများ အတွက် သိမှတ်စရာသုတများ ချွေတာရေး – တစ်ပတ်ရစ်ပစ္စည်း ဈေးဝယ်ခြင်း

Charity_shop_in_West_Street_(6)_-_geograph.org_.uk_-_1504815.jpg

ဗြိတိသျှကောင်စီမှ ပြုလုပ်ထားတဲ့ www.educationuk.org မှာ ရေးသားထားသည်များကို မြန်မာဘာသာ ပြန်ဆိုထားသည့် ယူကေသို့ သွားရောက် ပညာသင်ယူမည့်သူများ အတွက် သိမှတ်စရာသုတများကို ဖော်ပြပေးမှာဖြစ်ပါတယ်။ လက်တွေ့အသုံးဝင်မယ့် နည်းလမ်းများ၊ အကြံဉာဏ်များ၊ ဗဟုသုတများကို ကျောင်းသား၊ ကျောင်းသူများ သာမက မိဘများပါ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ နိုင်ငံရပ်ခြားမှာ ပညာသင်ရသည်မှာ လူများစု အတွက် အလွန်အကုန်အကျ များတာမို့ ငွေကို နည်းမျိုးစုံနဲ့ ချွေ တာနိုင်မှ တော်ကာကျမှာပါ။ ယခုဆောင်းပါးမှာ တစ်ပတ်ရစ်ပစ္စည်းများကို ဘယ်လိုဝယ်ယူနိုင်မလဲဆိုတာကို ရှင်းပြထားပါတယ်။

တစ်ပတ်ရစ်ပစ္စည်း ဈေးဝယ်ခြင်း

နာမည်ကြီး ဖက်ရှင်တံဆိပ်တွေကို ဈေးပေါပေါနဲ့ ဘယ်မှာဝယ်လို့ရသလဲ သိချင်ပါသလား။ အင်္ကျီအဝတ်အစား အများကြီးလည်း ဝယ်ချင်ပါရဲ့။ ဒါပေမဲ့ ပိုက်ဆံတော့ သိပ်မသုံးနိုင်ဘူးဖြစ်နေလား။

ယူကေကိုသာ ကြွလှမ်းခဲ့ပါ။ ပြီးတော့ တစ်ပတ်ရစ်ပစ္စည်း ဈေးဝယ်ထွက်လိုက်ပါ။ ပစ္စည်းဟောင်းတွေ ပြန်သုံးတာ၊ အဝတ် အထည်ဟောင်းတွေ ပြန်သုံး၊ ပြန်ရောင်း တာတွေဟာ ယူကေနိုင်ငံမှာတော့ ဓလေ့ထုံးစံတစ်ခု ဖြစ်နေပါပြီ။ ပြီးတော့လည်း အရမ်း လူကြိုက်များပြီး ပေါ်ပြူ လာဖြစ်နေပြီလေ။ ကျေးလက်ရော၊ မြို့ပြ နေရာတော်တော် များများမှာလည်း ရှေးဟောင်းပစ္စည်း အရောင်းဆိုင်တွေ၊ နိဗ္ဗာန်ဈေးဆိုင်ကြီးတွေ ရှိပါတယ်။

အဆိုတော် Lily Allen တို့၊ စူပါမော်ဒယ် Kate Moss တို့ဆိုရင်လည်း တစ်ပတ်ရစ် ဖက်ရှင်ရဲ့ ပရိသတ်တွေဖြစ်ကြောင်း အတိအလင်းကြေညာ ထားပါတယ်။ ကျောင်း သားတွေ အတွက်ကတော့ ဒီနည်းလမ်းက ပိုက်ဆံချွေတာဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

ဒါတင်ဘယ်ကဦးမလဲ။ အဲ့ဒီလို ပစ္စည်းအဟောင်း ပြန်သုံးတာဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း တစ်ဖက်တစ်လမ်းက ကူညီပြီး ကောင်းတဲ့လုပ်ရပ်တစ်ခုမှာ အထောက်အကူ ဖြစ်စေတာမို့ ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ ပြီးတော့ ကိုယ်က တစ်နေ့နေ့မှာ ယူကေကနေ အိမ်ကိုပြန်တော့မယ်ဆိုရင်၊ ဒါမှမဟုတ် အိမ်ထဲက အသုံးမလိုတော့တဲ့ပစ္စည်းတွေ ရှင်းထုတ်ချင်တယ်ဆိုရင်လည်း ကိုယ့်ပစ္စည်းဟောင်းတွေကို တစ်ဆင့်ပေးကမ်း ရောင်းချလိုက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ထပ်လုပ်သလိုဖြစ်တော့ နောက်ထပ် ဂုဏ်ယူစရာ ထပ်တိုးတာပေါ့။ ယူကေရဲ့ တစ်ပတ်ရစ် ယဉ်ကျေးမှုမှာ ပါဝင်နိုင်ဖို့ နည်းလမ်းတချို့ကို ဖောက်သည် ချလိုက်ပါတယ်။

နိဗ္ဗာန်ဈေး (Charity shops)

မျက်မမြင်များအတွက် ပရဟိတလုပ်ငန်း အသင်းဖြစ်တဲ့ Wolverhampton Society for the Blind အသင်းကြီးက ၁၈၉၉ ခုနှစ်မှာ မျက်မမြင်များ အတွက် လူမှုဖူ လုံရေး ရန်ပုံငွေရှာဖွေဖို့ ပစ္စည်း အရောင်းဆိုင်ကို ထူထောင်ဖွင့်လှစ်ခဲ့ရာမှစလို့ ယူကေနိုင်ငံမှာ ကမ္ဘာ့ပထမဦးဆုံး နိဗ္ဗာန်ဈေးဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အခါ မှာတော့ နိုင်ငံတစ်ဝန်းမှာ နိဗ္ဗာန်ဈေးဆိုင်ပေါင်း ၉,၀၀၀ ကျော်ရှိပါတယ်။

ဒီဆိုင်တွေရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ လူအများက သူတို့အတွက် အသုံးမလိုတော့တဲ့ အဝတ်အထည်အဟောင်းတွေ၊ စာအုပ်တွေ၊ ဂိမ်းတွေ၊ ဒီဗီဒီတွေနဲ့ အခြားသော ပစ္စည်းတွေကို လှူဒါန်းပါတယ်။ နိဗ္ဗာန်ဈေးက အဲ့ဒီပစ္စည်းတွေကို ပုံမှန်အားဖြင့် ဈေးပေါပေါနဲ့ ပြန်ရောင်းကာ သူတို့ရဲ့ လူမှုရေးလုပ်ငန်းတွေကို လည်ပတ်ဖို့ ငွေရှာကြပါတယ်။ ရောင်းမရတဲ့ ပစ္စည်းဆိုရင် လိုအပ်တဲ့နေရာမှာ လိုအပ်သလို ပြန်လည်အသုံးပြုပါတယ်။

အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးနဲ့ လူမှုဖူလုံရေးအသင်းကြီးဖြစ်တဲ့ Oxfam ဆိုရင် ယူကေနိုင်ငံမှာ ဆိုင်အရေအတွက် အများဆုံးရှိပြီး နိုင်ငံအနှံ့ ဆိုင်ပေါင်း ၇,၀၀၀ ကျော်မှာ Oxfam ဘာသာရပ် အထူး စာအုပ်ဆိုင် ၇၀ တောင် ရှိပါတယ်။

နိဗ္ဗာန်ဈေးဆိုင်တွေက ဝန်ထမ်းတွေအားလုံးဟာ စေတနာ့ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့ သင့် ဗီဇာကန့်သတ်ချက်နဲ့ သင်တက်ရောက်နေသော ကျောင်း၊ ကော လိပ်၊ တက္ကသိုလ်တွေက ချမှတ်ထားတဲ့ ကျောင်းတက်နေစဉ် အလုပ်လုပ်ကိုင်ခွင့် စည်းကမ်းချက်များအပေါ်မူတည်ပြီး သင့်ပတ်ဝန်းကျင်မှာရှိတဲ့ စတိုးဆိုင်မှာ နာရီ အနည်းငယ်ခန့်ဖြစ်ဖြစ် လုပ်အားပေးအလုပ် ဝင်လုပ်လို့ရပါတယ်။ အဲ့ဒီလို လုပ်ခြင်းဖြင့် အဲ့ဒီဒေသတွင်း လူ့အဖွဲ့အစည်းက လူတွေနဲ့ ရင်းနှီးခွင့်ရသလို သင့်ရဲ့ CV ကို လည်း ဖြည့်စရာ အချက်အလက်တွေ ပိုရစေတာပေါ့နော်။ အချက်အလက်တွေ ပိုမိုသိချင်ရင်တော့ Charity Retail Commission ဝက်ဘ်ဆိုက်မှာ ဝင်လေ့လာကြည့်လို့ ရပါတယ်။

ရှေးဟောင်းပစ္စည်း၊ တစ်ပတ်ရစ်ပစ္စည်း အရောင်းဆိုင်များ (Vintage, antique or junk shops)

Vintage ဆိုတာ အဟောင်းကိုပြောတာပါ။ ဒါပေမဲ့ အဆင့်အတန်းရှိတဲ့ အဟောင်းပါ။ ဖက်ရှင်တံဆိပ်တွေကို အထူးပြုတဲ့ စပါယ်ရှယ်လစ် အရောင်းဆိုင်တွေမှာဆိုရင် ‘ကာလပေါ်’ အထည်တွေအပြင် အခြား လူကြိုက်များခဲ့တဲ့ အထည်တွေကို တွေ့ရမှာဖြစ်ပါတယ်။ ရှေးဟောင်းပစ္စည်းဆိုင် Antique store တွေကတော့ vintage store နဲ့ ဆင်တူဖြစ်ပေမယ့် သူတို့က ပရိဘောဂတွေ၊ အနုပညာပစ္စည်းတွေ၊ ရှားပါး စုဆောင်းပစ္စည်းတွေနဲ့ အလှပြ ပစ္စည်းတွေကို အထူးပြုရောင်းဝယ်ပါတယ်။ တချို့နေရာတွေမှာတော့ ရောင်းရငွေတွေကို လှူဒါန်းတာရှိသလို အချို့နေရာတွေ ကတော့ ပစ္စည်းဟောင်းတွေကို ဝယ်ယူပြီးအမြတ်တင် ပြန်ရောင်းတာတွေ ရှိပါတယ်။ တစ်ခါတလေ ဆိုင်ပိုင်ရှင်က ပစ္စည်းဟောင်းတစ်ခုချင်းစီရဲ့ နောက်ခံသမိုင်းကြောင်းကို အချက်အလက်နဲ့ သေသေချာချာ ရှင်းပြနိုင်ပါလိမ့်မယ်။

ဆိုလိုတာကတော့ vintage store ရှေးဟောင်းပစ္စည်းဆိုင်တွေမှာ နိဗ္ဗာန်ဈေးဆိုင်တွေထက် ဈေးပိုကြီးတယ် ဆိုတာပါပဲ။ ဒါပေမဲ့ အဲ့ဒီဆိုင်တွေဟာလည်း ဝင်ရောက် လေ့လာဖို့ အကောင်းဆုံးနေရာတွေထဲမှာ ပါဝင်သလို ပွဲတက်တဲ့အခါ အလှပြဖို့ အရမ်းအဆင့်အတန်းရှိတဲ့ ပစ္စည်းကောင်းလေးတွေ ဝယ်လို့ရနိုင်တဲ့ နေရာတွေ လည်း ဖြစ်ပါတယ်။

အချို့ရှေးဟောင်းအရောင်းဆိုင် သေးသေးလေးတွေမှာ ဈေးပေါပေါနဲ့ရနိုင်ပြီး အခြားဘယ်မှာမှ ရှာဝယ်လို့မရတဲ့ ပစ္စည်းတွေဖြစ်တယ်ဆိုတာလဲ အာမခံလိုက်ပါ တယ်။ ဈေးအပေါစားနှင့် အညံ့စား အဟောင်းပစ္စည်းတွေကိုတော့ Junk shop လို့ခေါ်တဲ့ တစ်ပတ်ရစ် ပစ္စည်းဆိုင်တွေမှာ ရနိုင်ပါတယ်။

အင်တာနက်မှ တစ်ဆင့် ပစ္စည်းလဲလှယ်ခြင်း (Internet swapping)

Freecycle၊ Freegle၊ Swapz စတဲ့ အခမဲ့ ပစ္စည်းချင်းလဲလှယ်တဲ့ ဈေးကွက်ကလည်း ယူကေမှာရှိလို့နေပါပြီ။ အခု ဖော်ပြထားတဲ့ ဆိုက်တွေကို ဝင်ကြည့်လိုက်တာ နဲ့ မြောက်မြားလှတဲ့ အသုံးမလိုတော့တဲ့ ပစ္စည်းပေါင်းစုံ လဲလှယ်တဲ့ ဈေးကွက်နယ်ပယ်ကို တွေ့ရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သင်ကအလိုရှိတဲ့ပစ္စည်း သို့မဟုတ် ရှင်းထုတ် ပစ်ချင်တဲ့ ပစ္စည်းကို ပို့စ်တင်လိုက်ရုံပါပဲ။ အလွန်ရိုးစင်းပါတယ်။ ဘာပိုက်ဆံမှလည်း ကုန်ကျစရာ မလိုပါဘူး။ ဒီဆိုက်တွေက ပစ္စည်းအပေး၊ အယူကို အချိန်မရွေး ပေး လုပ်ပါ တယ်။ ဒါပေမဲ့ Swapit နှင့် Swishing တို့လိုဆိုက်တွေကတော့ ပစ္စည်းအလှူခံပြီး လှူတဲ့သူကို ပွိုင့်တွေပေးပါတယ်။ အဲ့ဒီပွိုင့်တွေကိုသုံးပြီး ပစ္စည်း ဝယ်ယူခွင့်ပြု ပါတယ်။ ကောလိပ်တွေ၊ တက္ကသိုလ်တွေ တော်တ်ာများများမှာ သူတို့ကိုယ်ပိုင် ပစ္စည်းလဲလှယ်ရေး ဝက်ဘ်ဆိုက်တွေ ရှိပါတယ်။ အဲ့ဒီဆိုက်တွေက တစ်ဆင့် အရင်ကျောင်းသားဟောင်းတွေ သုံးခဲ့တဲ့ သင်ခန်းစာ ဖတ်စာအုပ်တွေ ရှာဖွေနိုင်သလို၊ ကိုယ်သုံးခဲ့တဲ့ ဖတ်စာအုပ်ကိုလည်း နှစ်ကုန်တဲ့အခါ နောက်အလိုရှိသူထံကို ပေးဖို့ စီစဉ်လို့လည်း ရတာပေါ့။ ထုံးစံအတိုင်း တစ်စုံတစ်ယောက်ကို Online ကနေပြီးတွေ့ဖို့ ချိန်းဆိုတဲ့အခါတိုင်း သတိတော့ထားပေါ့။ အကောင်းဆုံးကတော့ ကိုယ်သွားယူမယ့် ပစ္စည်းက တန်ဖိုးမရှိတဲ့ မုန့်ထည့်တဲ့ ပုံးအဟောင်းလေးပဲ ဖြစ်နေပါစေ၊ တစ်ယောက်တည်းတော့ ဘယ်တော့မှ မသွားပါနဲ့။ ဆိုက်တော်တ်ာများများမှာ လုံခြုံရေးစနစ်တွေ ရှိပါတယ်။ ပြီးတော့ သင်က ချင့်ချိန်ဆင်ခြင်နိုင်မယ်ဆိုရင် အဲ့ဒီဆိုက်တွေက တော်တော်ကောင်းတဲ့ ဆိုက်တွေလို့ ပြောလို့ရပါတယ်။

အသစ်တွေလဲလှယ်ရအောင်

အဝတ်အစားအသစ်၊ မိတ်ဆွေသစ်။ ဒါတွေလိုချင်ရင်တော့ swishing လို့ ခေါ်တဲ့ အထည်အသစ် လဲလှယ်တဲ့ အစီအစဉ် (swap shop၊ clothes swaps၊ frock exchanges or swapping လို့လည်း အမျိုးမျိုးခေါ်ကြပါတယ်။) တွေက ယူကေရဲ့ ethical fashion ခေါ် ဖက်ရှင်လောကရဲ့ နောက်ဆုံးပေါ် အစဉ်အလာ တစ်ခုဖြစ်ပြီး ကျောင်းသားရေးရာ အစီအစဉ် ပြက္ခဒိန်တွေမှာ အရေးကြီးအစီအစဉ်တွေ ဖြစ်နေပါပြီ။ သင်အသုံးမလိုတော့တဲ့ အဝတ်အထည်နှင့် ပစ္စည်းမှန်သမျှ အဲ့ဒီပွဲကို ယူလာခဲ့ရုံပါပဲ။ တချို့ပွဲတွေမှာဆို ပစ္စည်းတွေ ခင်းကျင်းဆင်ယင်ပြသဖို့ swish floor ဆိုတဲ့ ဖျော်ဖြေရေးပုံစံ နေရာတစ်ခုပေးထားပြီး သင်က သင့်အထည်တွေကို တစ်မျိုးပြီးတစ်မျိုး ပြောင်းဝတ်ပြီး ပရိသတ်ကို ရှိုးပြရပါတယ်။ (ပုံမှန်အားဖြင့် swishing ပါတီတွေမှာ အဝတ်လဲခန်းတွေ ပါလေ့ရှိပါတယ်။) ဒါကြောင့် သင့်ကျောင်းမှာ အဲ့ဒီလိုမျိုးပွဲတွေ ဘယ်အချိန်တွေမှာ လုပ်တတ်လဲ ဆိုတာ လေ့လာစောင့်မျှော်နေပါ။  ဒါမှမဟုတ် သင့်ကိုယ်ပိုင် swishing ပါတီတွေမှာ ကျင်းပလို့လည်း ရပါတယ်။

စုံစီနဖာရောင်းပွဲ

car boot sale ဆိုတာကတော့ ကားရပ်ကွင်းထဲက သတ်မှတ်ထားတဲ့နေရာမှာ ကားကိုရပ်ပြီး ကားနောက်ဖုံးကိုဖွင့်ကာ မိမိရောင်းချင်တဲ့ တစ်ပတ်ရစ်ပစ္စည်းတွေကို ခင်းကျင်းပြသကာ ကိုယ့်ရဲ့ကားကို ဈေးဆိုင်ပြတင်းပေါက်လေးအသွင် ပြောင်းလဲပစ်လိုက်တာပါပဲ။ ဈေးဝယ်သူ အနေနဲ့ကတော့ ကားတစ်စီးရှိဖို့ မလိုပါဘူး။ အဲ့ဒီကားဈေးတန်းထဲမှာ လျှောက်ကြည့်ပြီး ကြိုက်တာလေးတွေတွေ့ရင် ဝယ်ယူရုံသာ။ နောက်တစ်မျိုးကတော့ ဘုရားကျောင်းတွေ၊ လူမှုရေး အသင်းဟော ခန်းတွေ၊ ဈေးပွဲတွေ ဒါမှမဟုတ် ရပ်ကွက်ထဲက ယမကာဆိုင်၊ ကော်ဖီဆိုင်တွေမှာ ခင်းကျင်းရောင်းချလေ့ရှိတဲ့ jumble sales တို့၊ bring-and-buy sales တို့လို စုံစီနဖာ အရောင်းဆိုင်တွေမှာ လျှောက်ကြည့်လို့ရပါတယ်။ ဒီလိုမျိုး ဈေးရောင်းပွဲတွေကို ရပ်ကွက်တွေမှာ ကြော်ငြာလေ့ရှိပါတယ်။

ဒီစုံစီနဖာဈေးပွဲရဲ့ အကောင်းဆုံးကတော့ အိမ်မှာလုပ်တဲ့ ကိတ်မုန့်တွေ၊ ဘီစကစ်တွေ၊ ယိုတွေရောင်းတဲ့ ဆိုင်တွေပါဝင်တာပဲ ဖြစ်ပါတယ်။ အခြားစားသုံးလို့မရတဲ့ ပစ္စည်းတွေနဲ့ ကွာခြားချက်ကတော့ အဲ့ဒီအရာတွေက တစ်ပတ်ရစ်ပစ္စည်းတွေ မဟုတ်ဘဲ လတ်ဆတ်တဲ့ စားစရာအသစ်တွေ ဖြစ်တာပါပဲ။ အဲ့ဒီမှာဈေးဝယ်ပြီး လုပ်ချင်စရာ အကောင်းဆုံးကတော့ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ကိတ်တွေ၊ သွားရည်ယိုစရာ မုန့်ပဲသွားရေစာတွေအစ ဝယ်စားဖို့ပါပဲနော်။

[ဤဆောင်းပါးအား ဗြိတိသျှကောင်စီမှ ပံ့ပိုးကူညီထားပါသည်။ မူရင်းဆောင်းပါးနှင့် အခြား ယူကေပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို ဖတ်ရှုလိုပါက www.educationuk.org  တွင် သွားရောက်လေ့လာနိုင်ပါသည်။]