Eye Scanner နည်းပညာသစ် ပါဝင်သော စမတ်ဖုန်းကို NTT Docomo ကုမ္ပဏီဖြန့်ချိ

2015-05-14-2-docomo-5.jpg

ဂျပန်မိုဘိုင်း ဆက်သွယ်ရေး ကုမ္ပဏီ NTT Docomo သည် ယခုနှစ် နွေရာသီတွင် မျက်စိ scanner ပါဝင်သည့် စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။

Fujitsu Arrows NX F-04G စမတ်ဖုန်းတွင် ဖုန်းအတွင်းရှိ password များနေရာတွင် မျက်စိအား scan ပြုလုပ်စစ်ဆေး ပေးနိုင်သည့် နည်းပညာကို အသုံးပြုထားသည်။ အဆိုပါ နည်းပညာသည် စမတ်ဖုန်းဖြင့် ဈေးဝယ်မှုများအတွက် ငွေပေးချေမှုများလည်း ပြုလုပ်နိုင်သည်။ ၎င်းစမတ်ဖုန်းတွင် အနီအောက် ရောင်ခြည်ပါဝင်သည့် ရှေ့ကင်မရာနှင့် သုံးစွဲသူ၏ မျက်လုံးများကို စစ်ဆေးမည့် အနီအောက် LED မီးသီးတစ်ခုလည်း ပါဝင်သောကြောင့် မတူညီသည့် မျက်စိပုံစံ အမျိုးမျိုးကို မှတ်တမ်းတင် ပေးနိုင်သည်။ ထို့အပြင် အဆိုပါ စမတ်ဖုန်းတွင် ပါဝင်သည့် biometrics နည်းပညာများအပြင် Android Lollipop 5.0, storage 32GB, RAM 3GB နှင့် ၅.၂ လက်မ QHD display တို့ ပါဝင်သည်။ သို့သော်လည်း Arrows NX F-04G စမတ်ဖုန်းကို ဂျပန်နိုင်ငံတွင်ပင် ရောင်းချသွားဖွယ် ရှိကြောင်းသိရသည်။

တရုတ် နိုင်ငံတွင်လည်း မျက်စိ scan ပြုလုပ်ရသော နည်းပညာ ပါဝင်သည့် Vivo X5 Pro စမတ်ဖုန်းကို မိတ်ဆက်ထားသည်။ ထို့အပြင် Samsung ကဲ့သို့ အခြားနည်းပညာ ကုမ္ပဏီများသည် မျက်စိကိုခြေရာ ခံနိုင်သည့် စမတ်ဖုန်းများကို ဖန်တီးလျက်ရှိကြောင်း သတင်းများက ဖော်ပြနေကြသည်။

Ref: SlashGear