Firefox OS အသုံးပြုထားသော စမတ်တီဗွီများကို Panasonic မိတ်ဆက်

1470400_10152922650552825_2698328504757900559_n.jpg

Firefox browser ဖြင့် လူသိများသည့် အဖွဲ့အစည်းဖြစ်သော Mozilla က Firefox OS အသုံးပြုထားသည့် Panasonic စမတ်တီဗွီများကို လအနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းထံ တင်ပို့ရောင်းချသွားမည်ဟု ကြေညာခဲ့သည်။

စမတ်ဖုန်းများနှင့် tablet ကွန်ပျူတာများတွင်လည်း အသုံးပြုနိုင်သည့် Firefox operating system ပါဝင်သော Panasonic Viera စမတ်တီဗွီ အမျိုးအစားများမှာ CR850, CR730, CX800, CX750, CX700 နှင့် CX680 တို့ဖြစ်သည်။

တီဗွီဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည့် Mozilla သည် အခြားသော operating system များ အသုံးပြုထားသည့် HDTV များနှင့် set-top box များဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။ Samsung သည် ၎င်း၏ စမတ်တီဗွီ နည်းပညာအတွက် ကုမ္ပဏီပိုင် Tizen platform ကို အသုံးပြုထားသည်။ LG က ၎င်း၏ တီဗွီများအတွက် WebOS ကို အသုံးပြုပြီး Google, Roku နှင့် Ubuntu တို့ကလည်း တီဗွီဆော့ဖ်ဝဲနည်းပညာများကို ထောက်ပံ့ပေးလျက်ရှိသည်။ ထို့အပြင် Apple, Amazon နှင့် TiVo အပါအဝင် ကုမ္ပဏီများစွာကလည်း Firefox OS နည်းတူ app များ အသုံးပြုနိုင်သည့် set-top box များကို ထောက်ပံ့လျက်ရှိသည်။

Firefox OS ကို Android နှင့် iOS အစားထိုး တန်ဖိုးနည်း စမတ်ဖုန်းများအတွက် ၂၀၁၃ ခုနှစ် ဧပြီလက ဖြန့်ချိခဲ့သည်။ ၎င်း platform သည် Linux အခြေခံ operating system တစ်ခုဖြစ်ပြီး HTML5 application များနှင့် JavaScript အပါအဝင် open Web platform အတွက် အထောက်အပံ့ပေးနိုင်ကြောင်း Mozilla က ညွှန်းဆိုထားသည်။

Ref: CNET