Windows 10 edition ၁၀ မျိုးဖြန့်ချိရန် Microsoft စီစဉ်ထား

microsoft.jpg

Microsoft သည် PC, tablet အပြင်ဖုန်းနှင့် အခြားထုတ်ကုန် များအတွက် ယခုနှစ် နွေရာသီတွင် Windows 10 ဗားရှင်း ၁၀ ခုကို ဖြန့်ချိရန် စီစဉ်ထားကြောင်း သိရသည်။ အကယ်၍ Internet of Things (IoT) ဗားရှင်း ၃ ခုကို ထည့်သွင်း မရေတွက်ပါက Microsoft ကဖြန့်ချိမည့် Windows 10 editions ၆ ခုရှိသည်။ ၎င်းတို့မှာ Home, Mobile, Pro, Enterprise, Education နှင့် Mobile Enterprise တို့ဖြစ်ကြောင်း Windows Operating Systems အဖွဲ့ခေါင်းဆောင် တယ်ရီမေယာဆင်က blog post တွင်ရေးသားခဲ့သည်။

Microsoft အနေဖြင့် Windows 10 editions ၏ အသေးစိတ် အချက်အလက် feature သို့မဟုတ်  ၎င်းတို့တစ်ခုချင်းစီ ဈေးနှုန်းများကို ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။ လွန်ခဲ့သည့်လ အနည်းငယ်ခန့်က Windows 10 ဖြန့်ချိသည့် ပထမနှစ်အတွင်း Windows 7, Windows 8.x နှင့် Windows Phone 8.1 သုံးစွဲသူများအတွက် အခမဲ့ upgrade များပေးသွားရန် စီစဉ်ထားကြောင်း Microsoft က ပြောဆိုခဲ့သည်။ လုပ်ငန်းဆိုင်ရာ သုံးစွဲသူတစ်ချို့က Windows 10 Pro သုံးစွဲလိုပါက ၎င်း OS စတင် ထွက်ရှိသည့် ပထမနှစ်အတွင်း အခမဲ့အသုံးပြု နိုင်မည်ဖြစ်သော်လည်း enterprise  သုံးစွဲသူများ အနေဖြင့် အခမဲ့အသုံးပြု နိုင်မည်မဟုတ်ကြောင်း Microsoft အမှုဆောင်များက ပြောကြားခဲ့သည်။

Windows 10 Home edition သည် သုံးစွဲသူ တစ်ဦးချင်းစီကို အာရုံစိုက်ထားသည့် desktop edi-tion ဖြစ်သည်။ ၎င်းတွင် Edge browser, touch ထုတ်ကုန် များအတွက် tablet-mode, Cortana အပြင် အခမဲ့ဓာတ်ပုံများ၊ မြေပုံများ၊ ပြက္ခဒိန်၊ တေးဂီတနှင့် ဗွီဒီယို app များကဲ့သို့ အဓိက Windows 10 feature များ ပါဝင်လာသည်။ ထို့အပြင် သုံးစွဲသူ၏ ထုတ်ကုန်များတွင် မျက်နှာ၊ မျက်စိ၊ လက်ဗွေရာတို့ဖြင့် log-in ဝင်သည့် နည်းပညာ ပါဝင်သော ထုတ်ကုန်များအတွက် Windows Hello ကိုအသုံးပြု နိုင်မည်ဖြစ်သည်။

Windows 10 Mobile သည် Windows Phone နှင့် Intel နှင့် ARM တို့မှ ထုတ်လုပ်သည့် tablet များအတွက် ထုတ်လုပ်ထားသည့် ဗားရှင်းဖြစ်သည်။  အဆိုပါ edition တွင် Universal Office app များအခမဲ့ ပါဝင်လာမည်ဖြစ်ပြီး  Phone များကို ပိုမိုကြီးမားသည့် မျက်နှာပြင်နှင့် ချိတ်ဆက်၍ အရည်အသွေးရှိသည့် ရုပ်ထွက်များ ကြည့်ရှုနိုင်ရန် ထောက်ပံ့မှု ပေးထားကြောင်း သိရသည်။

Ref : CNET