Heartbleed

Heartbleed သည်မှာ အွန်လိုင်းပေါ်က ဝက်ဘ်ဆိုက် သုံးပုံ နှစ်ပုံနီးပါးခန့်တွင် ရှိသော အရေးကြီးသည့် လုံခြုံရေး အားနည်းချက်တစ်ခု၏ အမည်ဖြစ်သည်။ ၎င်းအားနည်းချက်သည် သုံးစွဲသူ၏ login အချက်အလက် ဖြစ်သော username နှင့် password အပြင် အခြား အရေးကြီး အချက်အလက်များကို ပေါက်ကြားစေနိုင်သည်။

တစ်ချို့သူများက Heartbleed ကို ဗိုင်းရပ်စ်တစ်မျိုးနှင့် ထင်မှတ်မှားကြသည်။ Heartbleed က ဗိုင်းရပ်စ် မဟုတ်ပါ။ ၎င်းသည် သုံးစွဲသူ၏ နာမည်ကျော် အွန်လိုင်း ဝန်ဆောင်မှုများက ထောက်ပံ့ပေးထားသော ဆာဗာများ ကြားရှိ standard encrypting ဆက်သွယ်မှု ဖြစ်သည့် OpenSSL တွင်ရှိသော အားနည်းချက်တစ်ခု ဖြစ်သည်။ ၎င်း အားနည်းချက်မှတစ်ဆင့် ဟက်ကာများက သုံးစွဲသူများ၏ username များ၊ password များနှင့် အခြား အရေးကြီး အချက်အလက်များ ပါဝင်သည့် database အများအပြားကို ရယူနိုင်သည်။

Heartbleed အားနည်းချက်ကို မရှင်းပြမီ SSL နှင့် OpenSSL အကြောင်းကို ရှင်းပြလိုပါသည်။ SSL ဆိုသည်မှာ Secure Sockets Layer ကို အတိုကောက် ခေါ်ဆိုထားခြင်း ဖြစ်သည်။ လုံခြုံရေး စံသတ်မှတ်ချက်တစ်ခု ဖြစ်သည့် SSL သည် သုံးစွဲသူနှင့် ဝန်ဆောင်မှု အကြား third-party ကြားဝင်နှောင့်ယှက်မှုများ မရှိဘဲ အချက်အလက်ကို လုံခြုံစွာ ပေးပို့သော စနစ် ဖြစ်သည်။ OpenSSL မှာ open-source အနေဖြင့် အဆင့်မြှင့်ထားပြီး ပရိုဂရမ်မာ အသိုက်အဝန်းနှင့် စေတနာ ဝန်ထမ်းများက ပြင်ဆင်ထိန်းသိမ်းပေးသည်။

SSL လုပ်ဆောင်ရန်အတွက် ကွန်ပျူတာက ဆာဗာတစ်ခုနှင့် ချိတ်ဆက်ရန် လိုသည်။ ထိုသို့ ချိတ်ဆက်ရာတွင် heartbeat ဟုခေါ်သော အရာများကို ပေးပို့သည်။ Heartbeat သည် ဆာဗာ အွန်လိုင်းဖြစ်နေသည့်အခါ ၎င်းထံ signal တစ်ခုကို ပေးပို့သည်။ ဆာဗာ အွန်လိုင်း ဖြစ်နေသည့်အခါတွင် signal ကို ကွန်ပျူတာထံ ပြန်လည်ပေးပို့ပြီး လုံခြုံသော ဆက်သွယ်မှုနှင့် အသုံးပြုစေနိုင်သည်။ ကွန်ပျူတာရော ဆာဗာကပါ အွန်လိုင်း ဖြစ်နေစဉ်အတွင်း heartbeat တွေကို ပုံမှန် ကာလအပိုင်းအခြား အနေနှင့် ပေးပို့သည်။

Heartbleed သည် ဆာဗာများထံ အန္တရာယ်ရှိသော hearbeat signal ကို ပေးပို့ပြီး အသုံးချနိုင်သည့် အားနည်းချက် ဖြစ်သည်။ အန္တရာယ်ရှိသော heartbeat သည် ဆာဗာအတွင်းသို့ လှည့်ဖြားဝင်ရောက်ပြီး အန္တရာယ်ရှိသည့် heartbeat ပေးပို့သူထံ email လိပ်စာများ၊ username များနှင့် password များ ပါဝင်သော memory ကို ပေးပို့ကာ အချက်အလက်များကို ရယူနိုင်သည်။