Windows Phone အမှတ်တံဆိပ်ကို Wndows 10 Mobile ဖြင့် အစားထိုးမည်ဟု Microsoft ကြေညာ

11222121_10152910515537825_634642790414612571_n.jpg

Microsoft သည် မိုဘိုင်းဈေးကွက် နောက်ဆုံး ၅ နှစ်အတွင်း တိုးတက်မှုနှုန်း ကျဆင်းခဲ့သော Windows Phone အမှတ်တံဆိပ် အသုံးပြုခြင်းကို ရပ်ဆိုင်းပြီး ၎င်းနေရာတွင် Windows 10 Mobile ဖြင့် အစားထိုးသွားမည်ဟု ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။

ယခုနှစ် နွေရာသီတွင် ထွက်ပေါ်လာမည့် Windows 10 Mobile တွင် ထုတ်ကုန်အားလုံး၌ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည့် Microsoft အခေါ် universal app များကို အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ မိုဘိုင်း OS တွင် Microsoft ၏ Continuum feature ကို အသုံးပြုထားသောကြောင့် ဖုန်းကို PC monitor တစ်ခုဖြင့် ချိတ်ဆက်ခြင်း၊ mouse, keyboard တို့ဖြင့် ချိတ်ဆက်အသုံးပြုသည့်အခါတွင် app တစ်ခု၏ layout ကို အလိုအလျောက် ပြောင်းလဲပေးမည် ဖြစ်သည်။

Apple iOS နှင့် Google Android တို့မပေါ်ပေါက်မီ ၂၀၀၀ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိတွင် Windows Mobile သည် ကမ္ဘာ့အကျော်ကြားဆုံး မိုဘိုင်း operating system ဖြစ်ခဲ့သည်။ ၎င်းကို ယနေ့ခေတ် စမတ်ဖုန်းများထက် စောလျင်စွာ ထွက်ပေါ်လာခဲ့သည့် personal data assistant (PDA) များတွင် အများဆုံး အသုံးပြုခဲ့သည်။

Microsoft သည် မည်သည့် ထုတ်ကုန်အမျိုးအစားနှင့် မည်သည့် အရွယ်အစားတွင်မဆို အသုံးပြုနိုင်မည့် Windows 10 Mobile နှင့်အတူ အောင်မြင်မှုများ ပြန်လည်ရယူနိုင်ရန် မျှော်လင့်ထားပြီး ကုမ္ပဏီ၏ အမှုဆောင်အရာရှိများကလည်း ၂၀၁၈ ခုနှစ်တွင် Windows 10 အသုံးပြုသည့် ထုတ်ကုန် ၁ ဘီလီယံကျော်ရှိလာရန် ဆန္ဒရှိနေသည်။ ထိုသို့ ရည်မှန်းချက်များ ဖြစ်မြောက်လာစေရန်အတွက် ကုမ္ပဏီအနေဖြင့် Windows 10 ကို ကွန်ပျူတာ၊ tablet နှင့် စမတ်ဖုန်းများထံ အခမဲ့ ဖြန့်ချိပေးသွားရန် စီစဉ်နေသည်။ သို့သော်လည်း အဆိုပါ software ဖြန့်ချိမည် အချိန်ကို Microsoft မှ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပေ။

Microsoft သည် Windows 10 ဖြန့်ချိရာတွင် Windows 10 Home, Windows 10 Pro, Windows 10 Enterprise နှင့် Windows 10 Education အပါအဝင် ဗားရှင်း (၁၀) မျိုးဖြင့် ဖြန့်ချိသွားမည်ဟု ပြောကြားခဲ့သည်။

Ref: CNET