အဆင့်မြင့် ဇိမ်ခံကား တန်းဝင်အဖြစ်နဲ့ Sedan ကောင်း Infiniti Q50

2014-Infiniti-Q50-GHI.jpg

ကျွန်တော် မိတ်ဆက်ပေးလေ့ရှိတဲ့ ကားတွေထဲမှာ Infiniti က အရေးအနည်းဆုံး၊ အတွေ့ရ အနည်းဆုံး ကားအမျိုးအစား ဖြစ်ပါတယ်။ မှတ်မိသလောက်ဆိုရင် ကျွန်တော် Infiniti ရဲ့ မော်ဒယ်စုစုပေါင်း သုံးမျိုးလောက်ကိုပဲ သုံးသပ်ချက် ရေးပေးဖူးပါတယ်။ ဒါနဲ့ ဘာလို့များ Infiniti တွေအကြောင်း အရေးနည်းတာလဲလို့ဆိုလာရင် ကျွန်တော်ကိုယ်တိုင် အကြိုက်နည်းလို့လို့ပဲ ဆိုရမှာပါ။  ကျွန်တော့်
အကျင့်ကိုက ကားတစ်စီးရဲ့သုံးသပ်ချက်ကို ရေးတော့မယ်ဆိုရင် သူ့အကြောင်းကို အသေးစိတ်လေ့လာပြီး ကျွန်တော့်စိတ်ထဲတွေ့မှ ရေးတတ်တာကြောင့် မရေးဖြစ်တာပါ။ စိတ်ထဲ မတွေ့လှတဲ့ အကြောင်းကလည်း Infiniti တွေက စွမ်းဆောင်ရည် ညံ့လို့လား၊ ဒီဇိုင်းမကောင်းလို့လား၊ ရေရှည် မခံလို့လား။ မဟုတ်ပါဘူး။ အားလုံးလည်း မညံ့ပါဘူး။ ဒီလိုပဲ အားလုံးလည်း မပြည့်စုံ၊ မကောင်းပါဘူး။ ဒီတစ်ပတ်တော့ ကျွန်တော် ရေးနေကျ အမျိုးအစားတွေထဲက မဟုတ်ဘဲ Infiniti နှစ်စီးအကြောင်းကို လေ့လာကြည့်မိတယ်။ အဲဒီထဲက Q50 ကတော့ ကြော်ငြာထဲကလို ပြောရမယ်ဆိုရင် ထိသွားတယ်ပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်  ဒီတစ်ပတ် Q50 ကို ရေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဘာကြောင့် ထိသွားတယ်ဆိုတာတော့ အောက်မှာ ဆက်ဖတ်ကြည့်ပါဦး၊ နောက်ပြီးမှ သင်တို့ရော ကိုယ်တိုင် ထိ၊ မထိ ပြန်မေးကြည့်လိုက်ပေါ့။

အားသာချက်

အရင်ဆုံး ပြောချင်တာကတော့ လျှပ်စစ်စနစ်သုံး Feature တွေရဲ့ အဆင့်မြင့်မှုပါပဲ။ တကယ်ကို ကောင်းမွန်လှပါတယ်။ ကားမှာ တပ်ဆင်ထားတဲ့ မော်နီတာတွေ၊ သူတို့ရဲ့ အလုပ်လုပ်ပုံတွေ၊ အတွေ့ အထိတွေ၊ အို .. အားလုံးပါပဲ၊ တကယ်ကို အနှစ်တွေပါပဲ။ နောက်ပြီး အတွင်းပိုင်း အပြင်အဆင်တွေ လှပတယ်၊ ဆွဲဆောင်မှု ကောင်းတယ်၊ Feature တွေ အများကြီးသုံးနိုင်အောင် ဖန်တီး တပ်ဆင်ထားပေမယ့် အမြင်မှာ ရှုပ်မနေဘူး။ တိုက်တိုက်ဆိုင်ဆိုင် အခု ကျွန်တော် နားထောင်နေတဲ့ ကိုတိုးကြီး သီချင်းလိုပဲ ရိုးရိုးလေး … ။

ဆက်ပြောဦးမယ်၊ Q50 က Hybrid မော်ဒယ် အဖြစ်နဲ့လည်း ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ အဲဒီမော်ဒယ်က ပုံမှန်ထက် ဆီစားနှုန်းတော်တော် သက်သာတယ်။ ဟဲ့ Hybrid ပါဆိုမှ ဆီစား သက်သာတာပေါ့၊
ဒါတောင် မသိဘူးလားလို့ ပြောချင်သူတွေရှိမယ်၊ ကျွန်တော်ဆိုလိုတာက ပုံမှန် Hybrid တွေ ထက်တောင်မှ ဆီစားနှုန်းသက်သာတာကို ပြောတာပါ။ နောက်ပြီး V6 အင်ဂျင်တပ် မော်ဒယ်လည်း ထွက်ပါသေးတယ်၊
သူကတော့ ခိုင်ခံ့တယ်၊ စွမ်းဆောင်ရည် ကောင်းတယ်။ နောက်ဆုံး ပြောချင်တဲ့ တစ်ချက်ကတော့ Infiniti က Q50 ကို နယ်ဝေးကိုပါ သွားလာ မောင်းနှင်နိုင်အောင် ဖန်တီးထားတာ ဖြစ်တဲ့အတွက် အတွင်းခန်း ကျယ်ဝန်းတာပဲ ဖြစ်ပါတယ်။

အားနည်းချက်

အရင်ဆုံး အပြစ်မရှိ၊ အပြစ်ရှာလို့ရတဲ့ တစ်ချက်ကို ပြောချင်ပါတယ်။ ဒီတစ်ချက်ကလည်း ကျွန်တော် ရမယ်ရှာတာ မဟုတ်ပါဘူး။ သူများတွေ ပြောတာကို ပြန်ပြောတာပါ။ ဘာလဲဆိုတော့ လေးလုံးထိုး အင်ဂျင်နဲ့ မလာလို့ပါတဲ့။ ကဲ ကြည့်ပါဦး။ လူတွေ ဘယ်လောက် အလိုများလဲလို့၊ လေးလုံးထိုး အင်ဂျင်နဲ့ ထုတ်ထားတဲ့ မော်ဒယ်တွေကျတော့ ခေတ်ကလေလုံးထိုးခေတ် မဟုတ်တော့ဘူး၊ V6 လောက်တော့ ဖြစ်သင့်တာပေါ့ဆိုပြီး အပြစ်ပြောတယ်၊ ခု V6 နဲ့လာတော့ လေးလုံးထိုး မလာလို့တဲ့ Cons ထဲမှာ ပါနေပြန်တယ်။ ဒါက စာဖတ်သူ ကြိုက်သလို ဆုံးဖြတ်တော့၊ Pros ဆိုလည်း သဘော၊ Cons ဆိုလည်းသဘောပါ …။

 နောက်တစ်ချက်ကတော့ လက်ကိုင်ပိုင်း အားနည်းတာ ဖြစ်ပြီးတော့ အထူးသဖြင့် အကွေ့ လမ်း စမ်းသပ်မောင်းနှင်မှုတွေမှာ ဝေဖန်မှုတွေ များနေပါတယ်။ လေးတယ်၊ နှေးတယ်၊ နောက်ပြီးစေးတယ်တဲ့။ ပြီးတော့ ရှိသေးတယ်၊ ဘရိတ်ပိုင်း၊ အထူးသဖြင့် Hybrid တွေဆိုတာ နောက်ပိုင်း မင်းသားတွေ ဖြစ်ပြီးတော့ Q50 ရဲ့ Hybrid မော်ဒယ် ဘရိတ်က တုံ့ပြန်မှု ညံ့ပါတယ်။

ကိုယ်ထည်

ကိုယ်ထည်ရဲ့ အပြင်ဘက် အရောင်ကို စုစုပေါင်း ၈ ရောင်ထိအောင် ထုတ်လုပ်ရောင်းချတာ တွေ့ရပြီး အတွင်းဘက်မှာတော့ သားရေ၊ ဂရပ်ဖိုက်စတဲ့ အပြင်အဆင် သုံးမျိုးထွက်ရှိတာ ဖြစ်ပါတယ်။ ကိုယ်ထည်ရဲ့ အရွယ်အစားကို ပြောရမယ်ဆိုရင် အလျား ၁၅ ပေနဲ့ ၈ လက်မ စွန်းစွန်း၊ မျက်နှာ စာ အကျယ် ၆ ပေနီးနီး၊ ကားတစ်စီးလုံးရဲ့ အရပ်က ၄ ပေနဲ့ ၉ လက်မ ဝန်းကျင်ထိအောင် နိမ့်ပြီး လေခွင်း အားကောင်းအောင်၊ နောက်ပြီး Sport ဆန်အောင် ထုဆစ်ထားတာ တွေ့ရပါတယ်။ ခရီးသည် ၅ ယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ပြီးတော့ မြေပြင်နဲ့ ကိုယ်ထည်ရဲ့ ကင်းလွတ်ပမာဏ
နည်းတာကြောင့် Off-Road အတွက် အဆင်မပြေနိုင်ပေမယ့် ကိုယ်ထည်ရဲ့ အလျားက အနေတော်လောက် ဖြစ်တာကြောင့် တောင်တက်လမ်းတွေမှာလည်း စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

မောင်းနှင်နိုင်မှု

နောက်ဘီးယက်စနစ် ဖြစ်တာကြောင့် မြို့တွင်း၊ နယ်ဝေးလမ်းကြောင်းစုံကို စီးနင်းမောင်း နှင်နိုင်မှာဖြစ်ပြီးတော့ အသုံးပြုမောင်းနှင်နိုင်မယ့် ဂီယာချက် စုစုပေါင်းက ၇ ချက် ဖြစ်ပါတယ်။ နောက်ပြီး Auto စနစ်နဲ့သွားမှာဖြစ်တာကြောင့် မောင်းနှင်ရ လွယ်ကူစေမှာပါ။ နောက်ပြီး တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှု ပမာဏက ဂါလံ ၂၀ ထိအောင်ဖြစ်တာကြောင့် ဆီပိုဝင်မှာ ဖြစ်ပေမယ့် ပုံမှန်ဆီဒင်တွေမှာပါတဲ့ တိုင်ကီထက်တော့ နည်းနည်းကြီးနေပါတယ်။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်တော့လည်း ပျမ်းမျှဆီစားနှုန်းက ဆီတစ်ဂါလံကို မိုင်၂၀ စွန်းစွန်းပဲဆိုတော့ ဂါလံ ၂၀ ဆံ့တယ်ဆိုမှ တော်ကာကျမယ် မဟုတ်လားဗျာ။

အင်ဂျင်

တပ်ဆင်ထားတဲ့ အင်ဂျင်က ၃.၇ လီတာသုံး V6 အင်ဂျင်ဖြစ်ပြီးတော့ ပုံမှန် V6 တွေထက် အနည်းငယ် ပိုကြီးတာ တွေ့နိုင်ပါတယ်။ ဒီလိုမျိုး အင်ဂျင်ပိုင်းကြီးမားတာကြောင့်လည်း စွမ်းအင် ထုတ်လုပ်နိုင်မှု အပိုင်းမှာ မြင်းကောင်ရေ ၃၂၈ ကောင်အားထိအောင် ထွက်ရှိတာ ဖြစ်ပြီးတော့ သူ့ရဲ့ ရုန်းအားက ၂၆၉ ပေ-ပေါင် ဖြစ်တာကြောင့် အင်ဂျင်ပိုင်းကောင်းတယ်လို့ ဆိုနိုင်မှာပါ။ အင်ဂျင်ရဲ့ လည်ပတ်အားက အမြင့်ဆုံးအနေနဲ့ တစ်မိနစ်ကို အပတ်ရေ ၇၀၀၀ ဆိုတာကတော့ များသွားပြီ။ ထားပါတော့လေ၊ ဒါကြောင့်လည်း ၃.၇ လီတာသုံး အင်ဂျင်က အပတ်ရေ ၇၀၀၀ လောက် လည်နေတာ ဖြစ်လို့လည်း ဆီစားနှုန်း နည်းနည်း များတာပေါ့။ ဒါပေမဲ့ ပြောရရင် တခြား V6 တပ် မော်ဒယ်တွေနဲ့ သိပ်မကွာလှပါဘူး။

Q50 ကတောင်မှ သာတယ်လို့ ဆိုနိုင်ပါသေးတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက တစ်နာရီ ကီလိုတစ်ရာနှုန်းကို အချိန် ၇ စက္ကန့် ဝန်းကျင်ထိအောင် ယူပါလိမ့်မယ်။ ဒီအချိန် ပမာဏက Manual စနစ်နဲ့ သွားတဲ့ V6 မော်ဒယ်တွေကို မယှဉ်နိုင်ပေမယ့် Auto စနစ်သုံး V6 အင်ဂျင်တပ် ကားတစ်စီးအတွက်တော့ တော်တော်လေး မြန်နေပြီ ဖြစ်ပါတယ်။ ကဲ .. ဘယ်လိုလဲ၊ Q50 ရဲ့ Biography ကို ဖတ်ရတာ။ ဒီလောက်ဆို ကျွန်တော် ဘာကြောင့် Q50 ကို ထိသွားရတယ် ဆိုတာကိုလေ … ။