Xan IT Solutions မှ မန်နေဂျင်းဒါရိုက်တာ ဦးကင်းဝန်နှင့် တွေ့ဆုံခြင်း

IMG_3089.jpg

“ဈေးကြီးပေးမယ့်လည်း မူပိုင်ခွင့်တွေကိုတော့ ကျွန်တော်တို့က ကာကွယ်ပေးထားတယ်”

အွန်လိုင်းပေါ်ကနေ ပစ္စည်းတွေ ရောင်းချတယ်ဆိုတာဟာ ယနေ့ခေတ်ရဲ့ စီးပွားရေး လုပ်ငန်းတစ်ခုပါ။

တယ်လီကွန်း အခန်းကဏ္ဍ ပြုပြင်ပြောင်းလဲလာတဲ့ နောက်ပိုင်း  ဒီစီးပွားရေးလုပ်ငန်းကို စီးပွားရေးသမားတွေ ပိုမို မျက်စိ ကျလာကြပါတယ်။ အခုဆိုရင်လည်း ဈာန် (Xan) ဆိုတဲ့ နည်းပညာကုမ္ပဏီ တစ်ခုဟာ အွန်လိုင်း ပေါ်က နေ စာအုပ်တွေ ရောင်းချဖို့အတွက် ကြိုးစားနေပါပြီ။ အွန်လိုင်းပေါ်ကနေ စာအုပ်ရောင်းချတဲ့ ဈေးသည်တွေ
ထဲမှာ ဈာန်အနေနဲ့ ပထမဦးဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဈာန်မှာ ထူးခြားချက်လေးတွေ ရှိပါတယ်။ ဒီထူးခြား ချက်လေးတွေကို စာဖတ်သူများ လေ့လာနိုင်စေဖို့ အင်တာနက်ဂျာနယ်က ယခုလို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဈာန် (Xan) က ဖက်စပ်လုပ်ငန်းလို့ ပြောပါတယ်။ ဘယ်သူတွေ ပူးပေါင်းလုပ်ကိုင်ခဲ့တာလဲဗျ။

ACE ရဲ့ ရှယ်ယာပါပဲ။ ACE နဲ့ ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ESS နဲ့ ပေါင်းပြီးတော့မှ ဈာန် (Xan) ကုမ္ပဏီကို ဖွဲ့ခဲ့တာပါ။

ဈာန်ရဲ့လုပ်ငန်းစဉ်ကို အကျဉ်းချုံး ပြောပြနိုင်မလား။

လက်ရှိ Develop လုပ်နေတာ e Book ပေါ့။ မြန်မာပြည်မှာရှိတဲ့ ၀တ္ထုစာအုပ်တွေ၊ သတင်းတွေ၊ ပညာရပ် ဆိုင်ရာ စာအုပ်တွေ အမျိုးမျိုးသော ကဏ္ဍပေါင်းစုံက စာအုပ်တွေကို အီလက်ထရောနစ်ပုံစံနဲ့ ပြောင်းတယ်။ အဲဒါတွေကို လျို့ဝှက်ကုဒ်တွေ ထည့်ပြီးတော့မှ ဝက်ဘ်ဆိုက်ပေါ်တင်ပြီးတော့ ရောင်းတာပေါ့နော်။

လျို့ဝှက်ကုဒ်ကို သုံးရတဲ့ အဓိကအကြောင်းအရင်းက ဘာဖြစ်မလဲ။

ဘာကြောင့် လျို့ဝှက်ကုဒ်တွေ သုံးရလဲဆိုတော့ ရေးတဲ့လူရယ်၊ ထုတ်ဝေတဲ့လူရယ်အတွက် Right တွေကာကွယ်ချင်တဲ့ အတွက် သုံးရတာပါ။ ထုတ်ဝေသူတွေနဲ့ နှစ်ဦး သဘောတူ စာချုပ်ချုပ်ရတယ်။ ထုတ်ဝေ သူတွေက ကျွန်တော်တို့ဆိုက်ကို သုံးပါ့မယ်ဆိုပြီး သဘောတူတော့မှ သူ့ဆီကစာအုပ်ကို ကျွန်တော်တို့က ယူတယ်။

ဈာန်ရဲ့ ဝက်ဘ်ဆိုက်လိပ်စာကို ပြောပြပါဦး။

ဆိုက်နာမည်ကတော့ ebook.xan.com.mm ပါပဲ။

ဒီဝက်ဘ်ဆိုက်မှာ ပြည်တွင်းကထွက်တဲ့ စာအုပ်တွေပဲ တင်ဆက်သွားမှာလား။

ပြည်တွင်းက ထွက်တဲ့ စာအုပ်တွေချည်းပဲတော့ မဟုတ်ပါဘူး။ ပြည်တွင်းက ထွက်တဲ့ စာအုပ်တွေက အဓိက ဆိုပေမယ့် တချို့စာအုပ်တွေဆိုရင် ဂျပန်ကနေ ကာတွန်း စာအုပ်တွေလိုမျိုး လွယ်လွယ်ကူကူ ဖတ်နိုင်ပြီးတော့ ဂျပန်စာလည်း လေ့လာနိုင်တဲ့ စာအုပ်မျိုးတွေလည်း တင်ပါတယ်။ အခမဲ့လည်း Download လုပ်ပြီးတော့ ဖတ်လို့ ရပါတယ်။ ဟိုဘက်ကုမ္ပဏီကိုလည်း ခွင့်ပြုချက်ယူပြီးတော့မှ တင်ထားတာပါ။ သူတို့ ဘက်က နောက်ပိုင်း ရောင်းချင်ပါတယ်ဆိုရင်တော့ တစ်မျိုးပေါ့။

ဈေးနှုန်းနေရာမှာ (၀) ကျပ်လို့ ရေးထားတာတွေ တွေ့ရတယ်နော်။

ဈေးနှုန်းတပ်ထားတဲ့ စာအုပ်ရှိတယ်။ ဈေးနှုန်းမတပ်ထားတဲ့ စာအုပ်ရှိတယ်။ ဈေးနှုန်း မတပ်ထားတာတွေ ကတော့ အခမဲ့ပေါ့။

တစ်လကို စာအုပ်အရေအတွက် ဘယ်လောက်အထိ အသစ်တင်ပေးမယ်လို့ စီစဉ်ထားလဲ။

စာအုပ်တွေကို တစ်လဘယ်လောက် တင်ပေးမယ်လို့ သတ်မှတ်ထားတာတော့ မရှိပါဘူး။ ထုတ်ဝေသူဆီက ရတဲ့ စာအုပ်ပေါ်မှုတည်တယ်။ စာအုပ်ကို ပြောင်းတဲ့ နေရာ မှာလည်း ကျွန်တော်တို့ အများကြီးမပြောင်းနိုင်ဘူး။ တစ်ရက်ကို ၂ အုပ်လောက်ပဲ။ ထူရင် ၁ အုပ်လောက်ပဲ။ EPUB Format က နည်းနည်းကြာတယ်ဗျ။ ပုံမှန် အနေနဲ့ ကတော့ ၁၀ အုပ်ကနေ အုပ်ရေ ၂၀ အကြား တစ်ပတ်ကို တင်နေတာပေါ့။

ငွေပေးချေတဲ့ စနစ်နဲ့ပတ်သက်ပြီး ပြောပြပါဦး။

ပြည်တွင်းကနေ ဝယ်မယ်ဆိုရင် MPT ၊ MPU ၊ MyanPay ဒါတွေ နဲ့ ဝယ်တဲ့အခါ ကျပ်ငွေနဲ့ပေါ့နော်။ အဲဒီလိုမှ မဟုတ်ဘဲ Credit Card တွေ Paypal တို့နဲ့ ဝယ်မယ် ဆိုရင်တော့ ဒေါ်လာနဲ့ပေးရမှာပါ။ နောက်ပိုင်းဆိုရင် Ooredoo တို့ Telenor တို့ ဒါမျိုး လုပ်ကိုင်လာရင်လည်း ပူးပေါင်းသွားမှာပါ။

စာအုပ်ဈေးနှုန်းတွေကို ထုတ်ဝေသူတွေနဲ့ ဘယ်လိုမျိုး ညှိနှိုင်းသတ်မှတ်လဲ။

စာအုပ်ဈေးက ကျွန်တော်တို့ မသတ်မှတ်ဘူး။ စာအုပ်ဈေးက ထုတ်ဝေသူ ဒါမှမဟုတ် စာရေးသူက ဘယ်လောက် ရောင်းချင်လဲ၊ အဲဒါပေါ်မူတည်ပြီးတော့ သတ်မှတ် တာပေါ့နော်။ အဲဒီ သတ်မှတ်တဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က ဝန်ဆောင်မှုကြေးတွေ ထပ်ပေါင်းလိုက်တယ်။ အဲဒါကတော့ ရောင်းဈေး ဖြစ်သွားတာပေါ့။

စာအုပ်နဲ့ e Book နဲ့ ဈေးနှုန်းဘယ်လောက်အထိ ကွာခြားနိုင်လဲ။

ရောင်းတာကတော့ အပြင်မှာ ကောင်းတဲ့စာအုပ်တွေကို ၈ ထောင် ဈေးနှုန်းရှိရင် ဒီမှာ ကျွန်တော်တို့က ၂ ထောင်နဲ့ ရောင်းလို့ရတယ်။ ၂ ထောင်လောက်ရှိတဲ့ စာအုပ်ကို ဒီမှာ ၅၀၀ လောက်နဲ့ ရောင်းလို့ရတယ်။

စာအုပ်ကို အွန်လိုင်းမှာ ငှားဖတ်လို့ရတယ်ဆိုတာကို ရှင်းပြပါဦး။

ငှားတဲ့အခါကျတော့ ဈေးနှုန်းက ပုံမှန်ပဲ။ ၂၀၀ နဲ့ ၃၀၀ ကြား၊ ၃၀၀ နဲ့ ၄၀၀ ကြားပါ။ တချို့စာအုပ်တွေဆိုရင် အထူကြီးတွေလေ။ ကောင်းလား၊ မကောင်းလား လည်းမသိဘူး။ အဲဒါဆိုရင် ငှားဖတ်လိုက်တယ်။ ကြိုက်မှကိုယ်က ဝယ်တာမျိုးပေါ့။ အငှားမှာ ၅ ရက်ပေးတာ ရှိတယ်။ ၁၀ ရက်ပေးတာ ရှိတယ်။

စုစုပေါင်း စာအုပ်ဘယ်လောက် တင်ထားပြီးပြီလဲ။

အခု ထုတ်ဝေသူ ၇ ယောက်နဲ့ သဘောတူညီချက်ယူပြီး တင်ထားတယ်။ ဒီဆိုက်ထဲမှာ တင်ထားတဲ့ စာအုပ်တွေ အားလုံးက ထုတ်ဝေသူက တင်ပါဆိုပြီး ခွင့်ပြုချက်နဲ့ တင်ထားတွေချည်းပါပဲ။ ကော်ပီအနေနဲ့ တင်ထားတာ တစ်ခုမှမရှိပါဘူး။ လောလောဆယ် ကျွန်တော်တို့ကို ထုတ်ဝေသူတွေက အခမဲ့တင်ပါဆိုပြီး ပေးထားတာ အုပ်ရေ ၅၀ လောက်ရှိတယ်။ နောက်ပိုင်းမှာ ထုတ်ဝေသူတွေက အခမဲ့ပေးထားတာတွေကို ဈေးနှုန်းပြန် သတ်မှတ်ဆိုရင်လည်း သတ်မှတ်ပေးရမှာပေါ့။ စုစုပေါင်း တင်ထားတဲ့ အုပ်ရေကတော့ ၁၂၀ လောက်ရှိတယ်။ အဲဒီထဲမှာ အခမဲ့ကတော့ ၅၀ လောက်ပေါ့။

ဒီဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်ကို ပြောပါဆိုရင် ဘာဖြစ်နိုင်မလဲ။

ကျွန်တော်တို့ဆိုက်ရဲ့ ထူးခြားချက်က Digital Manament ဆိုတဲ့ စနစ်ထည့်ထားတယ်။ စာအုပ်တွေက ကော်ပီ ကူးလို့ရတယ်။ ဒါပေမဲ့ ဝယ်တဲ့လူကလွဲရင် ကျန်တဲ့လူ ဖတ်လို့မရအောင် လုပ်ထားတယ်။ မှုပိုင်ခွင့်ကို ကာကွယ် ပေးထားတယ်ပေါ့။ ဒါက တခြားဆိုက်တွေနဲ့ မတူတာပေါ့နော်။ နောက်တစ်ချက်က ကျွန်တော်တို့က စာအုပ် အငှားရတဲ့ ဆိုက်ပေါ့။ ငှားလို့ရအောင် လုပ်ပေးထားတယ်။

ဝက်ဘ်ဆိုက်ကို ဘယ်လိုမျိုး Develop ဆက်လုပ်သွားဖို့ရှိလဲ။

ကျွန်တော်တို့ ဒါနဲ့တင်ရပ်နေမှာ မဟုတ်ပါဘူး။ ဆက်ပြီးတော့ Develop လုပ်သွားဖို့ရှိတယ်။ အဲဒါကတော့ အသံပါပါတဲ့ စာအုပ်ဆိုတာမျိုးပေါ့။ ဥပမာ ပုံပြင်စာအုပ်လိုမျိုးတွေပါ။ ကလေးတွေ စာဖတ်နေရင်းနဲ့ နောက်က ပုံပြောသလိုမျိုး အသံထည့်ထားပေးမှာပါ။ ဒါတွေကို နောက်ဗားရှင်းမှာ ထည့်ပေးသွားမှာပါ။

စာအုပ်ကို ဝယ်ပြီးဖတ်တဲ့အခါ ကြားခံ နည်းပညာတွေ လိုအပ်ဦးမှာလား။

စာအုပ်ဖတ်ချင်ရင် Viewer ဆိုတာ လိုတယ်။ အဲဒါကို Download လုပ်ထားရမယ်။ အဲဒါကတော့ PC တွေ အတွက်ကော၊ Android တွေအတွက်ပါ ရှိပါတယ်။ ဝယ်ထားတဲ့ စာအုပ်တွေကို အဲဒီမှာထည့်ပေးထားတယ်။ ကိုယ်က ဖတ်ချင်ရင် အဲဒီမှာ သွားဖတ်ရတာမျိုးပါ။ Viewer ထဲမှာရှိတဲ့ စာအုပ်ကို ၇ ရက် ခံအောင် လုပ်ပေးထားတယ်။ စာအုပ်က ပျောက်သွားတာတော့ မဟုတ်ဘူး။ အွန်လိုင်းပေါ်မှာ ပြန်လိုချင်ရင် ပြန်ရတယ်။ ဘာလို့ ဒီလိုလုပ်ပေးထားတာလဲ ဆိုတော့ အင်တာနက်မရတဲ့ နယ်မြေတွေကို ခရီးသွားတဲ့အခါ အဆင်ပြေအောင်လို့ လုပ်ပေးထားတာပါ။ ရက်သတ်မှတ် မထားရင် သူက တခြားလူတွေကို လိုက်ပွား မှာပေါ့နော်။ ဒါဆိုရင် အဓိပ္ပာယ်မရှိတော့ဘူး။ Viewer က PDF နဲ့ မတူတဲ့ လိုင်းတားတာတွေ စာမျက်နှာ မှတ်ထားတာတွေအပြင် အခြားသော နည်းပညာတွေလည်း ပါတယ်။

ငွေပေးချေတဲ့အခါ လွှဲပြောင်းခကို စားသုံးသူတွေက ပေးချေရမှလား။

ငွေကြေးပေးချေတဲ့ နေရာမှာ MPT က ရောင်းတဲ့ဈေးရဲ့ တစ်ဝက်ယူတယ်။ ကျွန်တော်တို့က ရောင်းဈေးအပြင် အဲဒီကို ထပ်ပေါင်းရမှာပေါ့နော်။ အခြား PayPal တို့နဲ့ ဝယ်မယ်ဆိုရင် ငွေကြေးလွှဲပြောင်းခက တစ်အုပ် ဝယ်လည်း အတူတူပဲ။ နှစ်အုပ်ဝယ်လည်း အတူတူပဲ။ များများဝယ်တော့ ပိုတန်သွားတာပေါ့။ လောလော ဆယ်တော့ အချိန်ကာလတစ်ခုအထိ ကျွန်တော်တို့က အဲဒီ ငွေကြေးလွှဲပြောင်းကြေးတွေကို ကျခံသွားမှာပါ။ ဈေးအသက်အသာဆုံးကတော့ MyanPay ပဲဗျ။ MPT ကတော့ မခံနိုင်ဘူး။

စာအုပ်များများ ဆက်လက် တင်ဆက်နိုင်ဖို့ ထုတ်ဝေသူတွေနဲ့ ဘယ်လို တွေ့ဆုံထားတာရှိလဲ။

မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေသူများ အသင်းနဲ့လည်း ဆက်သွယ်ထားတယ်။ လက်လှမ်းမီသလောက် ထုတ်ဝေသူတွေဆီကိုလည်း သွားပြီးရှင်းပြပေးပါတယ်။ ထုတ်ဝေသူတွေ အနေနဲ့လည်း ဆက်သွယ နိုင်ပါတယ်။ ကျွန်တော်တို့ဆိုက်မှာလည်း စည်းကမ်းချက်တွေ ရေးထားပါတယ်။ ကြိုက်နှစ်သက်ရင် စာချုပ် ချုပ်ကြတာပေါ့နော်။

ဒီဝက်ဘ်ဆိုက်မလုပ်ခင်မှာ ဈေးကွက်ကို လေ့လာခဲ့မှာပဲ။ လေ့လာတွေ့ရှိချက်တွေက ဘယ်လို အခြေအနေရှိလဲ။

ကျွန်တော်တို့ လေ့လာခဲ့တော့ ၀တ္ထုစာအုပ်တစ်အုပ် ဝယ်ဖတ်ရင် ဈေးနှုန်း ၁,၀၀၀ လောက်ဝန်းကျင် ရှိတယ်။ အုပ်ရေကလည်း ၁၀၀၀ လောက်ပဲ ရှိတယ်။ တချို့က အရင်းအနှီးကြီးတော့ မစွန့်စားရဲဘူး။ ကျွန် တော်တို့ စဉ်းစားတာပေါ့။ ဒီမှာ စာရွက်မကုန်ဘူး။ ကုန်ကျစရိတ် နည်းတယ်ဗျာ။ ဖုန်းကိုင်တဲ့လူ များလာတယ်။ ဒီကိုလည်း ရည်ရွယ်တာပေါ့။

ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ စာဖတ်သူတွေကို အကိုပြောပြချင်တာရှိရင် ပြောပြပါဦး။

ကျွန်တော်တို့ အနေနဲ့လည်း ထုတ်ဝေသူတွေရဲ့ မူပိုင်ခွင့်ကိုလည်း အဓိက ကာကွယ်ပေးထားပါတယ်။ အခြားဆိုက်တွေနဲ့ မတူဘဲ ဈေးနှုန်းနည်းနည်း ကြီးချင်လည်း ကြီးနေပါလိမ့်မယ်။ အတတ်နိုင်ဆုံး အသုံးပြုသူများအောင် လုပ်မှာဆိုတော့ ဈေးကိုလည်း အနည်းဆုံးတော့ ဖြစ်အောင် လုပ်ပေးနေမှာပါ။