Samsung Tech Institute မှ ၂၀၁၅ ခုနှစ်အတွက် သင်တန်းစတင် ဖွင့်လှစ်

11103202_292561817534436_3939672906850731900_o.jpg

ထူးချွန်ထက်မြက်သည့် လူငယ်များကို ရွေးချယ်၍ သင်တန်းများ ဖွင့်လှစ် သင်ကြားပေနေသော Samsung Tech Institute သည် ၂၀၁၅ ခုနှစ်အတွက် Android Mobile Application ရေးသားခြင်း သင်တန်းကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဖွင့်လှစ်လိုက်သည်ဟု သိရသည်။

မေလ ၄ ရက်မှ စတင်၍ သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မေလ ၃၁ ရက်၌ သင်တန်းပြီးဆုံးမည်ဟု သိရသည်။ ရန်ကုန်တက္တသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့မှ ထူးချွန်ကျောင်းသား ၅၀ ကို ရွေးချယ်၍ တက်ရောက်စေခဲ့ခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက ပြိုင်ပွဲကျင်းပပေးမည်ဟု သိရသည်။

”ကျောင်းကကျတော့ ဆော့ဖ်ဝဲတစ်ခုလုံးကို အပြီးရေးသွားအောင် သင်တာမဟုတ်ဘူး။ Overall သဘောမျိုး။ စီမံခန့်ခွဲမှုသဘောမျိုးကို သင်တာ။ Samsung ကကျတော့ ပရိုဂရမ်တစ်ခုလုံးအတွက် အစီအစဉ်ချရတယ်။ ဒါက လက်တွေ့သဘောမျိုး။ ကျောင်းကတော့ သီအိုရီသဘောမျိုးပါ” ဟု ရန်ကုန်တက္ကသိုလ် ကွန်ပျူတာမေ ဂျာမှ မောင်ကောင်းခန့်သူက ပြောသည်။

Samsung Tech Institute ၏ ပြိုင်ပွဲ၌ အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၃ ဦးကို အမေရိကန်ဒေါ်လာ ၂,၀၀၀ နှင့် အခြားသော လက်ဆောင် ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ပြီး ဒုတိယဆုအတွက် အမေရိကန်ဒေါ်လာ ၁,၅၀၀၊ တတိယဆုအတွက် အမေရိကန်ဒေါ်လာ ၁,၀၀၀ နှင့် လက်ဆောင် ပစ္စည်းများ ပေး အပ်သွားမည်ဖြစ်သည်။

ယခုကဲ့သို့သော သင်တန်းနှင့် ပြိုင်ပွဲကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့၌လည်း ယခုနှစ်အတွင်း ဆက်လက် ကျင်းပသွားမည်ဟု Samsung Tech Institute က သတင်းထုတ်ပြန်ထားသည်။ Samsung Tech Institute ကို ၂၀၁၃ ခုနှစ်က စတင်တည် ထောင်ခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့သော သင်တန်းနှင့် ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးခဲ့ကြောင်း သိရသည်။

Android Application ရေးသားခြင်းသင်တန်းနှင့် Android Application ပြိုင်ပွဲတို့မှထွက်ရှိလာသည့် ထုတ်ကုန်များကိုစုစည်း၍ ပြပွဲတစ်ခု ကျင်းပသွားရန် အစီစဉ်များ ပြုလုပ် ထားသည်ဟု Samsung Tech Institute မှ သိရသည်။