AGD ဘဏ်၏ အင်တာနက်ဘဏ်စနစ် စတင်နိုင်ရန်စီစဉ်

188228_195209390500463_6300308_n.jpg

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD Bank) ၏ အင်တာနက် ဘဏ်စနစ် စတင်နိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း AGD Bank ၏ Deputy General Manager (IT Department ) ဦးမျိုးဝင်းသန်းက ပြောသည်။

E Banking ဝန်ဆောင်မှုအောက်တွင် Mobile Channel နှင့် Internet Channel နှစ်ခုရှိသည့်အနက် Mobile Channel ကို စတင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ Internet Channel ကို မကြာမီလပိုင်းအတွင်း စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားသည်။

“အင်တာနက်ဘဏ်စနစ်ကို တိုးချဲ့ဖို့စီစဉ်နေတယ်။ လက်ရှိ Development ပိုင်းတွေ အကုန်ပြီးနေပါပြီ။ Security ပိုင်းကိုဆောင်ရွက်နေပြီး မကြာခင် စတင်နိုင်တော့မှာပါ” ဟု ဦးမျိုးဝင်းသန်းက ပြောသည်။

လက်ရှိ မိုဘိုင်းဖုန်းအသုံးပြု၍ ဘဏ်စနစ်ဆိုင်ရာ ဆောင်ရွက်ချက်များကို ဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိဘဏ်တွင် ဖွင့်ထားသော Saving Account, Current Account, Online Payment Account, ATM Account တို့နှင့် ပတ်သက်သည့် ဝန်ဆောင်မှုများကို ဘဏ်မှ ဆောင်ရွက်ပေးနေသည့် အပြင် မိုဘိုင်းဖုန်းပေါ်မှ ဆောင်ရွက်နိုင်သည့် ဝန်ဆောင်မှုဖြစ်ကြောင်း သိရသည် အင်တာနက်ဘဏ်စနစ် ဝန်ဆောင်မှုမှာ ယင်းမိုဘိုင်း ဝန်ဆောင်မှုများ အားလုံးကို အင်တာနက် ရရှိသော နေရာ အားလုံးမှ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် မိုဘိုင်းဝန်ဆောင်မှုတွင်မပါဝင်သည့် ဝန်ဆောင်မှုအချို့ကိုလည်း ထပ်မံထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုက ebanking ဝန်ဆောင်မှုကို Mobile App နဲ့ပေးနေတယ်။ နောက်ပိုင်းကျရင် Web base နဲ့ပါ ပေးသွားမယ့် အစီအစဉ်ပါ။ အခု Mobile မှာဆို Transfer လုပ်တာ Mini statement ကြည့်လို့ရတာ စတဲ့ ဝန်ဆောင်မှုတွေအပြင် အင်တာနက်ဘဏ်စနစ် ကျရင်တော့ ဒီထက်ပိုတဲ့ ဝန်ဆောင်မှုတွေ ပေးသွားပါမယ်။ ဝန်ဆောင်မှု နှစ်ခု သုံးခုလောက် ထပ်မံမိတ်ဆက်ပေးဖို့ရှိပါတယ်” ဟု ဆက်လက်ပြောကြားသည်။

လက်ရှိ Myanmar Payment Union (MPU) ကတ်အသုံးပြု၍ အွန်လိုင်းပေါ်မှ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်နိင်မည့် ဝန်ဆောင်မှုကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ် မှ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း ခြောက်ခုနှင့် ချိတ်ဆက်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယင်းဝန်ဆောင်မှု အသုံးပြုရန်အတွက် MPU အကောင့်ဖွင့်ထားသော သက်ဆိုင်ရာ ဘဏ်တွင် Register ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ AGD ဘဏ်အနေဖြင့် Register ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။