Ooredoo Myanmar ၏ အမှုဆောင် အရာရှိချုပ် ရာထူးမှနုတ်ထွက်မည်

1185259_415034928619753_2075864627_n.png

နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာတစ်ခုအဖြစ် ၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်၍ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သော Ooredoo ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Mr. Ross Cormack သည် ယခုနှစ်အကုန်၌ ရာထူးမှ နုတ်ထွက်တော့မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ရာထူးမှနုတ်ထွက်ခြင်းနှင့် ပတ်သက်၍ ၎င်း၏သဘောဆန္ဒအတိုင်း နုတ်ထွက်ခြင်းဖြစ်သည်ဟု ကုမ္ပဏီက ပြောဆိုထားပြီး အမှုဆောင်အရာရှိချုပ် ရာထူးကို Mr. Rene Meza အား ခန့်အပ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

Mr. Rene Meza သည် လက်ရှိအချိန်၌ တန်ဇေးနီးယားနိုင်ငံ Vodacom ဆက်သွယ်ရေးကုမ္ပဏီတွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်ဆောင်နေပြီး ယခင်က အာရှ၊ အာဖရိကနှင့် လက်တင် အမေရိကတို့ရှိ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၇ နိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေးနှင့် သက်ဆိုင်သော ကုမ္ပဏီများ၌ အဆင့်မြင့် အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Ooredoo Myanmar သည် ပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော Telenor Myanmar ထက် သာလွန်သော ရင်းနှင်းမြှုပ်နှံနှင့်အတူ မြန်မာနိုင်ငံသို့ ကာတာနိုင်ငံမှ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းဈေးကွက်တွင် ပြိုင်ဘက်ဆက်သွယ်ရေး အော်ပရေတာက 2G ကွန်ရက်ကို တွဲဖက် ဝန်ဆောင်မှု ပေးအပ် ခဲ့သော်လည်း ၎င်းက 3G မိုဘိုင်းဖုန်း ကွန်ရက်တစ်ခုတည်းကိုသာ ဦးတည်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်၌ Ooredoo သည် ၎င်းတို့၏ မိုဘိုင်းဖုန်း ကွန်ရက်အတွင်းရှိ အသုံးပြုသူ အရေအတွက်ကို ထုတ်ပြန်ပြောဆိုရန် ငြင်းဆိုထားဆဲ ဖြစ်သည်။ အလားတူ ၎င်းတို့၏ Bandwidth ပိုင်ဆိုင်မှုကိုလည်း ထုတ်ပြန်ပြောဆိုရန် ငြင်းဆိုထားသည်။

ဆက်သွယ်ရေး အော်ပရေတာများအနက် လက်တွဲလုပ်ကိုင်ရာတွင် ငွေကြေးအရ အဆင်ပြေဆုံး အော်ပရေတာအဖြစ် သတ်မှတ်ခြင်းခံထားရသည့် Ooredoo သည် လူမှုအကျိုးပြုလုပ်ငန်းများ၌လည်း ငွေကြေးအမြောက်အမြားကို Mr. Ross လက်ထက်၌ အသုံးပြုခဲ့သည်။ Mr. Ross သည် လက်ရှိအချိန်၌ အမြန်ဆုံးသော မိုဘိုင်း အင်တာနက် စနစ်ကို ဖန်တီးပေးနိုင်ခဲ့သူလည်း ဖြစ်သည်။