Telenor အသုံးပြုသူ ၆.၄ သန်းရှိသည်ဟုဆို

Update-News_5.jpg

၂၀၀၄ ခုနှစ် စက်တင်ဘာလမှ စတင်၍ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို စတင်ပေးအပ်ခဲ့သော Telenor Myanmar သည် ဝန်ဆောင်မှုပေးအပ်ပြီး ၈ လအကြာ၌ အသုံးပြုသူ အရေအတွက် ၆.၄ သန်းကို ပိုင်ဆိုင်ခဲ့သည်ဟု သိရသည်။

၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း၌ အသုံးပြုသူ အရေအတွက် ၃ သန်း ကျော်ကိုသာ ပိုင်ဆိုင်ထားသော Telenor Myanmar သည် နှစ်တစ်ဝက်တာ ကာလမတိုင်ခင် အသုံးပြုသူ အရေအတွက် ၃ သန်းဝန်းကျင်ကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကဲ့သို့ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် တိုးတက်လာရန်အတွက် အော်ပရေတာ လုပ်ငန်းစဉ်၌ အခက်ခဲဆုံးဖြစ်သော ကွန်ရက်ဖြန့်ကြက်ခြင်း လုပ်ငန်းစဉ်ကို Telenor က ပထမဦးဆုံး လုပ်ကိုင်ခဲ့ရသည်ဟု သိရသည်။

လက်ရှိအချိန်၌ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ကရင်၊ မွန်၊ ကချင် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတို့၌ Telenor Myanmar က ကွန်ရက်ဖြန့်ကြက်နိုင်ခဲ့ပြီး အင်တာနက်စနစ် ပါဝင်သော မိုဘိုင်းဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုကို ပေးအပ်နေခြင်းဖြစ်သည်။

အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လိုအပ်သော တာဝါတိုင် အရေအတွက်ကို အပြည့်အဝ တည် ဆောက်ပေးနိုင်ခြင်း မရှိသေးသည့်အတွက် ဝန်ဆောင်မှု အရည်အသွေး ကျဆင်းမှုနှင့် ကြုံတွေ့နိုင်သော်လည်း ကွန်ရက်ဆက်လက် ချဲ့ထွင်လာသည်နှင့်အမျှ ကွန်ရက်ဝန်ဆောင်မှု အရည်အသွေး ပိုမိုတိုးတက်လာမည်ဟု Telenor Myanmar က သတင်းထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တာဝါတိုင် အရေအတွက် ၁,၈၅၀ ကို Telenor က တည်ဆောက်ထားပြီး ၂၀၁၅ ခုနှစ်အကုန်၌ တာဝါတိုင်အရေအတွက် ၃,၀၀၀ မှ ၄,၀၀၀ အကြား တည်ရှိလာမည်ဟုလည်း သိရသည်။ အစီအစဉ်အရ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ကို ကွန်ရက် ဆက်လက် ဖြန့်ကြက် မည်ဖြစ်ပြီး လက်ရှိအချိန်၌ နိုင်ငံအတွင်း လူဦးရေထူထပ်ရာ ဒေသများ၏ ၅၀ ရာခိုင်နှုန်းကို ကွန်ရက်ဖြန့်ကြက်နိုင်ခဲ့ပြီဟု သိရသည်။

Telenor ၏ပြိုင်ဘက် ဆက်သွယ်ရေး အော်ပရေတာဖြစ်သူ Ooredoo သည် ၎င်းတို့၏ အသုံးပြုသူ အရေအတွက် ပိုင်ဆိုင်ခြင်းကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း ၂၀၁၅ ခုနှစ် မတ်လကုန်၌ နိုင်ငံလူဦးရေ၏ ၄၁.၂ ရာခိုင်နှုန်းကို ကွန်ရက် လွှမ်းခြုံထားနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။