5G ခရီး မနီးလှသေးပါ

original_smartphone+erdkugel-960x484.jpg

ကမ္ဘာ့မိုဘိုင်း ညီလာခံ MWC- 2015 မှာ ကြိုးမဲ့ကွန်ရက် မျိုးဆက်သစ် 5G နဲ့ ပတ်သက်တဲ့ နမူနာ သရုပ်ပြချက် တော်တော်များများကို မြင်တွေ့ခွင့် ရခဲ့ကြတယ်။  ဒီမျိုးဆက်သစ် မိုဘိုင်းနည်း ပညာကတော့ 4G ဒါမှမဟုတ် LTE နည်းပညာတို့ရဲ့ အလွန်မှာ အဆင့်မြှင့်တင် ဆောင်ရွက်လာမှာ ဖြစ်တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ လက်ရှိအသုံးပြုခွင့် ရနေကြတဲ့ နည်းပညာတွေကို လေ့လာကြည့်မယ်ဆိုရင် တိုးတက်ဖွံ့ဖြိုးနေပါ တယ်ဆိုတဲ့ နိုင်ငံတွေမှာပင် 4G စနစ်ကို အပြည့်အဝ အသုံးပြုခွင့် မရနိုင်ကြသေးပေ။ 3G စနစ်က နေ 4G စနစ်ဒါမှမဟုတ် LTE စနစ်ကိုမြှင့်တင် ဆောင်ရွက်နေကြဆဲ နိုင်ငံအများအပြား ရှိနေကြ ပါသေးတယ်။ တချို့နိုင်ငံတွေ မှာ 2G ကိုပင် အသုံးပြု နေကြသေးတာ တွေ့ကြရတယ်။

5G နည်းပညာနဲ့  ပတ်သက်တဲ့ တရားဝင် အဆိုအတွက် ITU (International Telecommunication Union) က ၂၀၁၇ ခုနှစ် နှောင်းပိုင်း ကာလအထိ အတည်ပြု ပေးနိုင်လိမ့်မယ် မဟုတ်ပေ။ နောက်ဆုံး အတည်ပြုထားတဲ့ specification နဲ့ networks များကို ၂၀၂၀ ခုနှစ်လောက် ရောက်မှသာ အစောဆုံး အနေအထားနဲ့ မြင်တွေ့ နိုင်ပါလိမ့်မယ်။ နမူနာအဖြစ် သရုပ်ပြနေတဲ့ အကြောင်းအရာ တွေက 5G နဲ့ ပေါင်းကူးနိုင်မယ့် အစိတ်အပိုင်းတွေကို တီထွင် စမ်းသပ်ပြီးသမျှကို မိတ်ဆက် တင်ပြနေကြခြင်း ဖြစ်တယ်။ လိုင်စင် မယူရသေးတဲ့ spectrums များကို အသုံးပြုနေကြတဲ့ လုပ်ငန်းစဉ်တွေလို့ ဆိုနိုင်ပါတယ်။

ကြိုးမဲ့ကွန်ရက် နည်းပညာများ မျိုးဆက် အဆင့်ဆင့်ပြောင်း လဲလာပြီးသမျှ တစ်ဆင့်ထက် တစ်ဆင့် ကွာခြားမှုတွေ ရှိခဲ့တယ်။ တရားဝင် အသုံးပြုခွင့် ရတဲ့အခါမှာလည်း သိသိသာသာ ထိရောက်မှုများ ရှိခဲ့ပါတယ်။ ဥပမာ အနေနဲ့ 2G ထက် 3G က ပိုကောင်းသလို 3G ထက် 4G နဲ့ LTE တို့က ပိုမိုအဆင်ပြေ မြန်ဆန်တဲ့ ခံစားခွင့် ရကြတယ်။ ဒီတစ်ကြိမ် ခံစားခွင့်ရကြမယ့် မျိုးဆက်သစ်ကတော့ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလောက်တဲ့အထိ ခံစားခွင့် တွေ့ရလိမ့်မယ်လို့ သိပ္ပံပညာရှင်များက ဆိုညွှန်းကြတယ်။ ယေဘုယျ သဘောအရ 5G နဲ့ အသုံးပြုတဲ့ အခါ 4G နဲ့ LTE တို့ထက် ပိုမိုမြန်ဆန်တဲ့ နှုန်းထားနဲ့ လုပ်ကိုင်ပေးပါ လိမ့်မယ်လို့ ပြောကြားချက်က 5G အကြောင်းရဲ့ တစိတ်တဒေသ လောက်သာဖြစ်နေ လိမ့်မယ်လို့ပင် ပြောဆိုမှုတွေ ရှိခဲ့တယ်။ ဗြိတိန်နိုင်ငံရဲ့ စတာလင်ပေါင် သန်းချီပြီး ရန်ပုံငွေအဖြစ် ပံ့ပိုးပေးခြင်း ခံရတဲ့ဆာရေး တက္ကသိုလ်က 5G Innovation Centre ရဲ့ ခေါင်းဆောင်ပါမောက္ခ Rahim Tafazolli ကတော့ 5G စနစ်က သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ရှိနေလိမ့်မယ်လို့ ထုတ်ဖော်ပြောကြား သွားတယ်။ Radio spectrum ရဲ့ harmonisation အဖြစ် အလုံးစုံ ပြောင်းလဲမှုတွေ ရှိလိမ့်မယ်လို့ ဆိုလိုတာ ဖြစ်တယ်။

Radio Waves တွေကတစ်ဆင့် data များကို ထုတ်လွှင့်ပေးစေတယ်။ Radio Waves တွေကလည်း bands အများအပြားကို ခွဲထွက်သွားစေတယ်။ မတူညီတဲ့ frequency များရဲ့ အကွာအဝေးတွေ ပိုင်းခြားထားရှိ နိုင်စေတယ်။ Band တစ်ခုစီမှာ ဆက်သွယ်မှုဆိုင်ရာ ပုံစံများ ခွဲခြားထားရှိခွင့် ရစေလိမ့်မယ်။ လေကြောင်း သက်ဆိုင်ရာ ဆက်သွယ်မှုများ၊ ရေကြောင်းခရီး လမ်းညွှန်အချက်ပြမှုများ၊ ရုပ်မြင်သံကြား ထုတ်လွှင့်ချက်များနဲ့ မိုဘိုင်းဒေတာများ စသလို မတူညီတဲ့ ဆက်သွယ်မှုတွေကို သီးသန့်နေရာ တစ်ခုစီပေးနိုင်မယ့် သဘောဖြစ်တယ်။ အသုံးချယူမယ့် ဒီလို Frequency bands တွေကို ITU (International Telecommunication Union) က တရားဝင် သတ်မှတ်ပြဋ္ဌာန်း ပေးမယ်၊ လောလောဆယ် radio frequency spectrum ကတော့ ရှုပ်ရှုပ်ထွေးထွေး လေးတွေရှိနေတယ်။ မျိုးဆက်သစ် နည်းပညာက ဒီလိုရှုပ်ထွေး မှုတွေကိုပါ ဖြေရှင်းပေးနိုင် လိမ့်မယ်။

ပါမောက္ခ Rahim Tafazolli ရဲ့ ပြောကြားချက်အရ 5G ကို အသုံးပြုခွင့် ရတဲ့အခါ 800 Mbps နှုန်းထားနဲ့ ကြိုးမဲ့စနစ်သုံး data ပို့လွှတ်မှုတွေ ရှိလာနိုင်မယ်လို့ သိရတယ်။ လက်ရှိအသုံးပြု နေခွင့်ရတဲ့ နှုန်းထားထက် အဆပေါင်း ၁၀၀ ရှိတယ်။ ၂၀၁၃ ခုနှစ်က samsung ကုမ္ပဏီက HD Movie တစ်ခုကို မိနစ်ဝက် မပြည့်မီ download ပြီး စီးနိုင်တယ်လို့ သတင်းသမားများကို ပြောကြားခဲ့စဉ်က တအံ့တသြ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ အခု မျိုးဆက်သစ် 5G ကတော့ HD Movie ပေါင်း ၃၃ ခုကို တစ်စက္ကန့်အတွင်း download ချယူနိုင်ပါ လိမ့်မယ်။

ပညာရှင်အချို့က 5G စနစ်ကြီးက လောကကြီးကို အကြီးအကျယ် ပြောင်းလဲသွားစေမယ်လို့ ပြေကြားခဲ့တယ်။ ဒီအတွက်ဘယ်လို အခြေအနေတွေနဲ့ လောကကြီးကို အပြောင်းအလဲ ဖြစ်စေမှာလဲဆိုတာ မေးစရာရှိလာ ပါလိမ့်မယ်။ အရည်အသွေး မြင့်မားတဲ့ ရုပ်ရှင်တွေကို စက္ကန့်ပိုင်းအတွင်း အများအပြား download လုပ်ခွင့် ရမယ်လို့ ဆိုထားခဲ့ရာမှာ  ဘယ်လောက်အထိ မြင့်မားတဲ့ အရည်အသွေးလဲလို့ ထပ်မံမေးကြရမှာ ဖြစ်တယ်။ ဒီနေ့ မြင်တွေ့ နေကြရတဲ့ ရုပ်ရှင်တွေထဲမှာ 4K အရည်အသွေးအကြောင်း အကြီးအကျယ် ပြောကြားနေကြ ရတယ်။ 5G အသုံးပြုခွင့်ရမယ့် ၂၀၂၀ ခုနှစ်မှာ 4K အရည်အသွေးကို စကားထဲ ထည့်ပြောကြရတော့မယ့် အ ခြေအနေ မရောက်တော့ပေ။ သရီးဒီပုံစံနဲ့ 8K အရည်အသွေးတွေရှိတဲ့ ရုပ်ရှင်တွေကို ကြည့်ခွင့်ရနေမယ့် အချိန်ဖြစ်တယ်။ Full HD မှာရှိတဲ့ Pixels resolution ထက် ၁၆ ဆ မြင့်မား နေလိမ့်မယ်။ အင်မတန် ငွေကုန်ကြေးကျ များစေတဲ့ Fibre-Optic connection မလိုအပ်ဘဲ ကြိုးမဲ့စနစ်နဲ့ အလွန်မြင့်မားတဲ့ အရည်အသွေး ရုပ်ရှင်တွေကို မိုဘိုင်းဖုန်းလေးမှာ download လုပ်ကြည့်ခွင့် ရသွားစေ လိမ့်မယ်လို့ပင် ပြောနိုင်တယ်။ ၂၀၂၀ ခုနှစ် ရောက်တဲ့အခါ Internet of Things (IoTs) ကိရိယာ ၂၅ ဘီလီယံလောက် ရှိနေလိမ့်မယ်လို့ သုတေသန ပညာရှင်များက ဟောကိန်း ထုတ်ထားခဲ့ကြတယ်။ IoTs တွေ အသုံးပြုနိုင်ဖို့ 5G စနစ် အပြည့်အဝ ပံ့ပိုးဆောင် ရွက်ပေးနိုင်မှာ ဖြစ်တယ်။ တစ်နည်းပြောရရင် 5G စနစ်နဲ့အတူ စမတ်မြို့တော် တည်ဆောက်လို့ ရနိုင်သွားလိမ့်မယ်။ တစ်ချိန်တည်းမှာ လမ်းမီးတွေ၊ အချက်ပြမီးတွေနဲ့ လုံခြုံရေးဆိုင်ရာ စီစီတီဗွီ ကင်မရာတွေကိုလည်း နေရာတိုင်းမှာ အလုပ်လုပ်နိုင်ဖို့ 5G က အထောက်အကူ ပြုပေးစေမယ်။

အာမခံချက် အပြည့်အဝ ပေးမှာက မျိုးဆက်သစ် 5G အနေနဲ့  breakdown ကင်းစင်ပြီး အချိန်ပြည့် ချောချောမွေ့မွေ့ ဆက်သွယ် လုပ်ဆောင်နိုင်မယ့် အချက်ဖြစ်တယ်။ အနီးစပ်ဆုံး မျှော်လင့်နိုင်တာ ကတော့ ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် Winter Olympic Games မှာ ပထမဆုံး စီးပွားဖြစ် ထုတ်သုံးပြနိုင်မယ့် အခြေအနေတွေ ရှိနေတယ်။ ဒီဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကြီးကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပါလိမ့်မယ်။ Samsung အနေနဲ့ ကမကထလုပ်ပြီး 5G အတွက် စီးပွားဖြစ် မိတ်ဆက်လုပ်ငန်းကို စတင်လုပ်ဖွယ်ရာ ရှိတယ်။ ၂၀၁၈ ခုနှစ်အတွင်း မော်စကိုမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲမှာလည်း တရုတ်နဲ့ ရုရှားက မိတ်ဆက် ထုတ်လုပ်နိုင်တယ်။ အထူးသဖြင့် ၂၀၂၀ ခုနှစ် အိုလံပစ် ပြပွဲကြီးမှာ ဂျပန်နိုင်ငံရဲ့ 5G ဖြန့် ကြက်မှုတွေကို အပြည့်အဝ မြင်ကြရလိမ့်မယ်။ အခုတော့ 5G ခရီး မနီးသေးပါလို့သာ တင်ပြနိုင်ပါသေးတယ်။