လာမည့်နှစ်တွင် OLED တီဗီများ ထုတ်လုပ်မည် မဟုတ်ကြောင်း Samsung ပြောကြား

samsung-oled-tv_179787.jpg

Samsung Electronic ၏ တီဗီလုပ်ငန်း အကြီးအကဲဖြစ်သူ ကင်မ်ဟွန်ဆော့က ကုမ္ပဏီအနေဖြင့် OLED တီဗီများကို မိတ်ဆက်ပေးရန် အလွန်စောနေ သေးကြောင်းနှင့် လာမည့်နှစ်တွင်လည်း ယခုနှစ်ကဲ့သို့ပင် အပြောင်းအလဲ ရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Samsung သည် OLED တီဗီများကို ဈေးကွက်သို့ တင်ပို့ရန်အတွက် ပြိုင်ဘက် LG Electronic နှင့် နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ကုမ္ပဏီအနေဖြင့် LCD panel များပါဝင်သည့် UHD တီဗီများအပေါ်သာ ပိုမိုအာရုံစိုက်သွားမည်ဟု ကြေညာခဲ့သည်။ သို့ရာတွင် Samsung Display သည် စမတ်ဖုန်းများအတွက် အသေးစားနှင့် အလတ်စား OLED panel များကို ဆက်လက်ထုတ်လုပ် သွားမည်ဟု ဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် LG အနေဖြင့် OLED panel များနှင့် ထုတ်ကုန်များအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး ပြိုင်ဘက်မရှိဘဲ လုပ်ဆောင်ရမည့်အတွက် စိုးရွံ့ခြင်းမရှိကြောင်း အဆိုပါကုမ္ပဏီမှ ဆိုခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ OLED အတွက် ဆက်လက်အာရုံစိုက် သွားပါမယ်။ လာမယ့်နှစ်တွေမှာ OLED တွေဟာ LCD တွေနေရာမှာ အစားထိုးပြီး တီဗီရဲ့စံသတ်မှတ်ချက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု LG မှပြောရေးဆိုခွင့်ရှိသူ ဆန်ကင်မ်က ပြောကြားခဲ့သည်။ LG သည် ပြီးခဲ့သည့်နှစ်က full HD OLED တီဗီကို မိတ်ဆက်ပေးခဲ့ပြီး ယခုနှစ်တွင် Ultra HD OLED တီဗီကိုမိတ်ဆက် ပေးခဲ့သည်။

Samsung Electronics သည် လာမည့်နှစ်တွင် လက်စ်ဗီးဂက်စ်မြို့၌ ကျင်းပမည့် လူသုံးကုန် အီလက်ထရွန်နစ် ထုတ်ကုန်ပြပွဲ (CES) တွင် quantum dot LCD တီဗီများကို ပြသရန်စီစဉ် လျက်ရှိသည်။

-နောင်နောင်
(Ref : CNET)