၂၀၁၆ ခုနှစ်တွင် Rift virtual reality headset များကို Oculus ဖြန့်ချိသွားမည်

oculus.jpg

Virtual Relity headset ကိုစတင် လုပ်ဆောင်သည့် Oculus ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်တွင် Rift VR ကို တင်ပို့ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က Facebook က ကန်ဒေါ်လာ ၂  ဘီလီယံဖြင့် ဝယ်ယူခဲ့သည့် Oculus သည် ၂၀၁၆ ခုနှစ် ပထမလ သုံးလပတ်အတွင်း VR ထုတ်ကုန်ကို မိတ်ဆက်ရန် စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။ Oculus သည် VR ထုတ်ကုန်များအတွက် မျှော်မှန်းချက် များစွာရှိပြီး အဆိုပါ နည်းပညာသည် ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဖျော်ဖြေရေး၊ ဆက်သွယ်ရေးနှင့် အရာများစွာကို ပုံစံပြောင်းလဲ ပေးနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းနည်းပညာသည် ဂိမ်းလုပ်ငန်းကို အပြောင်းအလဲ ဖြစ်ပေါ်စေမည် ဖြစ်သည်။ လက်ရှိအချိန်တွင် Oculus ၏ Rift VR သည် ရှေ့ပြေးပုံစံသာ ရှိသေးပြီး ကုန်စည်ပြပွဲနှင့် ထုတ်ကုန် မိတ်ဆက်ပွဲများတွင် တိုးတက်လာသည့် ထုတ်ကုန်များကို မြင်တွေ့နေရသည်။ အဆိုပါ VR စိတ်ကူးကို စတင်ရန်အတွက် Oculus တွဲဖက် တည်ထောင်သူ ပယ်မာလပ်ကီး ဆိုသူသည် ၂၀၁၂ ခုနှစ်တွင် စက်မှုလုပ်ငန်းရှင်များ၏ အားပေးမှုနှင့် ငွေကြေးတို့ဖြင့် ကုမ္ပဏီကို တည်ဆောက်ခဲ့သည်။ ထိုအချိန် မတိုင်မီကမူ  virtual reality သည် “The Lawnmower Man” ကဲ့သို့ ၁၉၉၀ ခုနှစ် အစောပိုင်းက ဟောလိဝုဒ် ရုပ်ရှင်များ၏ အဆောင်အယောင် တစ်ခုသာ ဖြစ်သည်။

Oculus သည် Kickstarter မှတစ်ဆင့် ငွေကြေးရရှိရန် ကြိုးပမ်းခဲ့ပြီး ၎င်း၏ရှေ့ပြေး ပုံစံကြိုတင် မှာယူတွင် ကန်ဒေါ်လာ ၂.၄ သန်းကျော် ရရှိခဲ့သည်။  ထို့နောက်  Sony ကလည်း ၎င်း၏ PlayStation 4 ဗွီဒီယို ဂိမ်းစက်အတွက်  Project Morpheus ဟု အမည်ရသည့် virtual reality headset ထုတ်လုပ် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ Sony က VR ထုတ်လုပ်မည်ဟု ကြေညာသည့်လတွင်မူ Facebook မှ ကန်ဒေါ်လာ ၂ ဘီလီယံဖြင့် Oculus ကိုဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။

Ref : CNET