ရှေ့မီးကြီးများကို ပြင်ဆင်ခြင်း အပိုင်း (၂)

2014-Harley-Davidson-Ultra-Limited-daymaker-.jpg

ဒါပေမဲ့ အဆိုပါ အထက်မီးနဲ့ မောင်းနှင်မှုက တစ်ဖက် ယာဉ်မောင်းနှင်သူတွေကို အနှောင့်အယှက်တော့ မဖြစ်ပါစေနဲ့။ ဒီတော့ တစ်ဖက်က ယာဉ်မောင်းနှင်သူကို အနှောင့်အယှက် မဖြစ်ရအောင် ကိုယ့်ရဲ့ ဆိုင်ကယ်မီးက တစ်ဖက်ယာဉ်မောင်းနှင် သူရဲ့ အကြည့်အာရုံကို အလင်းမကျရောက်စေဖို့ လိုအပ်ပါတယ်။ ဒီတော့ ချိန်ညှိမှုအတွက် အတိုင်းအတာကို သိထား၊ မှတ်ထားမယ်ဆိုရင် ကိုယ်လည်း အဆင်ပြေမှာ ဖြစ်သလို တစ်ဖက်ယာဉ်မောင်းတွေလည်း ပြဿ     နာမဖြစ်တော့ပါဘူး။ ကျွန်တော်တို့ မော်ဒယ်စုံဆိုင်ကယ် တစ်စီးအတွက် ပုံမှန်ထားရှိသင့်တဲ့ ရှေ့မီးကြီး မီးဖြန့်ပမာဏ ကတော့ အောက်မီးအတွက် ဆိုရင် အကောင်းဆုံး စူးရောက်မှု ပေ ၂၀-၂၅ နဲ့ အထက်မီးဆိုရင် အကောင်းဆုံး အလင်းရောင် စူးရောက်မှု ပေ ၄၀-၅၀ ထားရှိမောင်းနှင်ဖို့ ဖြစ်ပါတယ်။ ဒီပမာဏဟာဆိုရင် အထက်မီးတင်လိုက်သည့်တိုင်အောင် ကိုယ့်ရဲ့ ရှေ့မီးကြီး အလင်းရောင်ဟာ တစ်ဖက်လမ်းက ယာဉ်မောင်းနှင်သူရဲ့ မျက်စိကို အလင်းမကျရောက်စေတော့ဘဲ နှစ်ဦးနှစ်ဖက် အကောင်းဆုံး မောင်းနှင်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး အထက်မီး၊ အောက်မီးချိန်ညှိမှုအတွက်ကတော့ မိမိကိုယ်တိုင်လည်း အိမ်မှာ အလွယ်တကူ ချိန်ညှိနိုင်မှာ ဖြစ်သလို ဆိုင်တွေမှာဆိုရင်လည်း ကုန်ကျစရိတ် နည်းနည်းလေးနဲ့ ပြင်ဆင် ချိန်ညှိနိုင်ပါတယ်။ အိမ်မှာပဲ ပြင်ဆင် ချိန်ညှိချင်သူတွေအတွက်ကတော့ ညနေပိုင်းမှာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အလင်းရောင်အကျနည်းတဲ့ နေရာတွေမှာပဲဖြစ်ဖြစ် ဆိုင်ကယ်ကို ဦးတည်ထားရှိပြီး မီးအလင်းရောင် စူးရောက်မှုကို ကြည့်ရှု
ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အထက်မီး၊ အောက်မီးချိန်ညှိတဲ့ Screw ကတော့ ဆိုင်ကယ်ရဲ့ ရှေ့ဘက် မီးအိမ်ကြီးရဲ့ အောက်မှာ ကပ်လျက်ရှိတဲ့ Screw ကနေပဲဖြစ်ပြီးတော့ အဆိုပါ Screw ကို အတိုး၊ အလျှော့လုပ်လိုက်ရုံနဲ့ အထက်မီး၊ အောက်မီးကို စိတ်ကြိုက်ချိန်ထားနိုင်မှာဖြစ်ပြီး အတတ်နိုင်ဆုံးအနေနဲ့ကတော့ ကိုယ်က မြို့တွင်းအနေပဲ အသုံးများတယ်ဆိုရင် အထက်မှာပြောခဲ့တဲ့ မီးအလင်းရောင် စူးရောက် ပမာဏထက် ဖြစ်နိုင်သလောက် လျှော့ချမောင်းနှင်တာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။

ဒီလို မီးချမောင်းနှင်ခြင်းဟာဆိုရင် ကိုယ့်အတွက်လည်း အနီးစပ်ဆုံး ဝန်းကျင်မှာ အလင်းရောင် အကောင်းဆုံးရနိုင်သလို ဆိုင်ကယ်များပြားတဲ့၊ ယာဉ်ကြောရှုပ်ထွေးတဲ့ နေရာတွေမှာ မတော်တဆမှု ဖြစ်စေ မှု လျော့နည်းစေမှာ ဖြစ်ပါတယ်။ တစ်ခါတလေမှာဆိုရင် အဆိုပါ အထက်မီးကြီး တင်ပြီးမောင်းနှင်မှုကြောင့် တစ်ဖက်ယာဉ်မောင်းက ပတ်ဝန်းကျင်ကို မြင်တွေ့ရမှု အားနည်းပြီး အဆိုပါ တစ်ဖက်ယာဉ်တွေ မတော်တဆမှု ဖြစ်တာတွေ၊ မိမိယာဉ်ကိုပဲ လာရောက်ချိတ်ဆွဲ၊ မတော်တဆမှု ဖြစ်တာတွေ အပါအဝင်နဲ့ နောက်ဆုံး အထက်မီးတင်ပြီး မောင်းနှင်မှုကို မိမိနဲ့ အနီးဆုံးရောက်လာပြီးမှ ဆဲဆိုတိုင်းထွာသွားတာ မျိုးတွေကြုံဖူးသူတွေ ရှိသလို မြင်နေရပါလိမ့်မယ်။ ကိုယ်တိုင်လည်း အဆိုပါ သဘောမျိုး မောင်းနှင်မှုကို တစ်ဖက်လူက ပြုလုပ်မောင်းနှင်မယ်ဆိုရင် နှစ်သက်မှာ မဟုတ်တာကြောင့် ကိုယ်ချင်းစာပြီးတော့ အထက်မီး၊ အောက်မီးကို ပြင်ဆင်မောင်းနှင်မယ်ဆိုရင် မတော်တဆမှုလည်း နည်းလာမှာ ဖြစ်သလို အမှန်ကန်ဆုံး ချိန်ညှိမောင်းနှင်မှုလည်း ဖြစ်စေပါလိမ့်မယ်။