Ford Mustang ရဲ့ ပြိုင်ဘက် Dodge Charger ဆိုတာ …

03-2012-dodge-charger-srt8-.jpg

အမေရိကန် အခြေစိုက် ကားကုမ္ပဏီတွေ ဖြစ်တဲ့ Ford နဲ့ Dodge ဆိုတာက ဟိုအရင်ကတည်းက မော်ဒယ်တစ်ခုနဲ့တစ်ခု အပြိုင်ထုတ်လုပ် ရောင်းချလာတဲ့ ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်သလို ဈေးကွက်မှာလည်း သူတို့ရဲ့ အပြိုင်ကားတွေက နေရာရအောင်မြင်လေ့ရှိတာတွေ့နိုင်ပါတယ်။ ဘောလုံးလောကရဲ့ စကားလုံးမျိုးနဲ့ ပြောရမယ်ဆိုရင် အမေရိကန် ဒါဘီတွေ ဖြစ်တာကြောင့် ပြိုင်ဆိုင်ထုတ်လုပ် မှုတွေ ပြင်းထန် တာတွေ့ရသလို တစ်ဖက်ကလည်း ထုတ်လုပ်ရောင်းချကြတဲ့ မော်ဒယ်တွေက စွမ်းဆောင်ရည်တွေ မြင့်မားကြပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင်တော့ Dodge က Ford လောက် နာမည်မရလှဘဲ အမေရိက ဈေးကွက်တစ်ခုတည်းမှာသာ အောင်မြင်တာတွေ့ရပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် ပြောမယ့် Charger ကတော့ အမေရိက ဈေးကွက်မှာတင် မဟုတ်ဘဲ Muscle ကား၊ Sport ကားဈေးကွက်မှာပါ Ford ရဲ့ Mustang မော်ဒယ်နဲ့ အပြိုင်အောင်မြင်နေတာ တွေ့ရတာကြောင့် စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်မိပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ Charger အကြောင်းကို ဆက်ကြည့်ရအောင်ပါ။

လူကြိုက်များတဲ့ အချက်…

Muscle တန်းဝင် မော်ဒယ်တစ်စီး ဖြစ်ပေမယ့် မောင်းနှင်ရမှုအပိုင်းမှာ ညင်သာကောင်းမွန်တာတွေ့ရပြီး Transmission အပိုင်းမှာလည်း ပျော့ပျောင်းတာ တွေ့ရပါတယ်။ ပြီးတော့ ရှေ့ဘီးနဲ့ နောက် ဘီးထောက်ကြား ပမာဏကို တိုးမြှင့်ထားတာကြောင့် အတွင်းခန်း ကျယ်ဝန်းကောင်းမွန်တာ တွေ့ရသလို တစ်ဖက်ကလည်း အတွင်းခန်း တည်ဆောက်မှုဆိုင်ရာတွေမှာ သုံးထားတဲ့ အရည်အသွေး ပိုင်း မြင့်မားတာတွေ တွေ့ရပါတယ်။ V8 အင်ဂျင်တပ်မော်ဒယ်အဖြစ်နဲ့ပါ ရနိုင်တာ တွေ့ရပြီး ကျွန်တော်တော့ အဲဒီ Grade ကို သဘောကျမိပါတယ်။ ဘီးစုံယက်စနစ်နဲ့လည်း ထုတ်လုပ်ထား တာ တွေ့ရပြီး နောက်ဘီးယက် စနစ်နဲ့လည်း ရနိုင်ပါတယ်။ ပြီးတော့ အမေရိကကား တော်တော်များများမှာ တွေ့ရတတ်တဲ့ Dis-play စနစ်ရဲ့ Touch အပိုင်းမှာ အသုံးပြုရမှု အားနည်းချက်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ တွေ့ရပါသေးတယ်။

ကျွန်တော်သဘောမကျဘူး…

အမေရိကထုတ် မော်ဒယ် အများစုက ဆီစားများပါတယ်။ အထူးသဖြင့် Muscle တွေနဲ့ SUV တွေ။ အခု Charger ကလည်း အဲဒီအားနည်းချက်ကို မလွန်ဆန်နိုင်ခဲ့ပါဘူး။ ဆီစားနှုန်းများပါတယ်။ အင်ဂျင် အကြီးတပ် Grade တွေမှာ ပိုဆိုးပါတယ်။ Transmission အပိုင်းမှာ ၈ ချက်သုံး Auto တစ် မျိုးတည်းရနိုင်ပြီး နောက်ထပ်  ရွေးချယ်စရာ မရှိတာက လူကြိုက်နည်းစေနိုင်ပါတယ်။ ပြီးတော့ အတွင်းခန်းအပိုင်းမှာ ကျယ်ဝန်းအောင် ဖန်တီးထားတာ မှန်ပေမယ့် Dodge က သူ့ရဲ့ မော်ဒယ်ကို နှစ်ယောက်စီး ပုံစံဖြစ်စေချင်တာကြောင့် နောက်ဘက်ခန်းက အနည်းငယ် ကျဉ်းမြောင်းနေတာတွေ့ ရပါတယ်။

ကိုယ်ထည်က ကြီးလွန်းနေသလိုပဲ….

Muscle တစ်စီးအတွက်က လျင်မြန်မှုလည်း ရှိရမယ်၊ ဒီဇိုင်းလည်း မိရမယ်၊ နောက်ပြီး ရုပ်ထွက်လည်း လှရမယ် မဟုတ်လား၊ လျင်မြန်ပါတယ်၊ ဒီဇိုင်းမိပါတယ်၊ လှပါတယ်၊ ဒါပေမဲ့ ကိုယ်ထည်က အကြီးစား ဆီဒင်တန်းဝင်လောက်အောင် ကြီးမားနေတာကတော့ City လမ်းကြောင်းတွေအတွက် အဆင်မပြေလှစေပါဘူး။ အလျားက ၁၆ ပေနဲ့ ၈ လက်မထိအောင် ရှိမှာဖြစ်ပြီးတော့ မျက်နှာစာ အကျယ်က ၆ ပေနဲ့ ၃ လက်မ ရှိမှာဖြစ်ကာ ကားရဲ့ အမြင့်ကတော့ ၄ ပေနဲ့ ၁၀.၄ လက်မ ရှိမှာ ဖြစ်ပါတယ်။ ကားရဲ့ အရပ်နိမ့်တာက ကြည့်ကောင်းစေတာ မှန်ပေမယ့် အလျားကတော့ ရှည်လွန်းနေသလိုပါ။ အရောင်အပိုင်းမှာတော့ စုစုပေါင်း ၈ ရောင်ပဲရမှာဖြစ်ပြီး အတွင်းဘက်ကတော့ အထည်ဦးစားပေးနဲ့ လေးမျိုး ထုတ်လုပ်တာ တွေ့ရပါတယ်။

လမ်းကြောင်းတော့ မရွေးဘူးနော်…

Ground Clearance က ၆ လက်မထိအောင်ရှိမှာဆိုတော့ Off-Road အတွက်ရော City  အတွက်ပါ အဆင်ပြေစေမှာဖြစ်ပြီးတော့ အတွင်းခန်းတွေကလည်း ရှေ့ဘက်ခန်းက ၅၉ လက်မခွဲနဲ့ နောက်ဘက်ခန်းက ၅၈ လက်မနီးပါးထိအောင်ရှိမှာဖြစ်လို့ Highway အတွက်လည်း ပင်ပန်းစရာတော့ မရှိပါဘူး။ ကားရဲ့ အလေးချိန်က ပေါင် ၄၀၀၀ နား ကပ်နေပြီး အများဆုံး ၀န်တင်ဆောင်နိုင်မှုက ပေါင် ၁၀၀၀ ကျော်သေးတယ်ဆိုတော့ အပျော်ခရီးထွက်မယ်ဆိုလည်း ကြိုက်သလောက် ပစ္စည်းတွေ တင်ဆောင်နိုင်မှာ ဖြစ်သလို Suspension စနစ်မှာလည်း ရှေ့ဘက်မှာက Short and Long Arm စနစ်နဲ့ ထိုင်ထားပြီး နောက်ဘက် ကတော့ Multi-link နဲ့ တွေ့ရပါတယ်။ MacPherson ကို သုံးမထားတာကတော့ တစ်ခုပြောစရာရှိနေပေမယ့် Short and Long Arm ရဲ့ အားသာချက်ကတော့ Off-Road အပိုင်းမှာ ပိုကောင်းတာ ဖြစ်ပါတယ်။

ဆီစားနည်းအောင် ဆိုရင်တော့…

V8 အင်ဂျင်နဲ့လည်း ရနိုင်ပါတယ်၊ ကျွန်တော်လည်း သဘောကျပါတယ်၊ ဒါပေမဲ့ ဆီစားများမှာ စိုးရင်တော့ ၃.၆ လီတာ သုံး V6 အင်ဂျင်ကလည်း စွမ်းဆောင်ရည် မဆိုးလှပါဘူး။ အင်ဂျင်ရဲ့ တစ်မိနစ် လည်ပတ်အား အပတ်ရေ ၄၈၀၀ မှာ ရုန်းအားက ၂၆၀ ပေ-ပေါင် ဖြစ်ပြီးတော့ ထွက်ရှိလာမယ့် စွမ်းအင်ပမာဏကတော့ မြင်းကောင်ရေ ၂၉၂ ကောင်အား ဖြစ်တာကြောင့် အရမ်းကောင်းတဲ့ အဆင့်တစ်ခုမှာပါ။ အင်ဂျင်ရဲ့ အမြန်ဆုံး လည်ပတ်နိုင်မယ့် နှုန်းကတော့ တစ်မိနစ်ကို အပတ်ရေ ၆၃၅၀ ဖြစ်တာကြောင့် နည်းနည်းများနေတာဖြစ်ပြီး ဆီစားလည်း များသွားစေတာပါ။ အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှုကတော့ တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၅.၄ စက္ကန့်ပဲ ကြာမှာ ဖြစ်တာကြောင့် အကြီးစား ဆီဒင်တန်းဝင် မော်ဒယ်တွေထဲမှာတော့ မြန်ဆန်တဲ့ စာရင်းထဲ ဝင်ပါတယ်။ ဒါပေမဲ့ နောက်ဘီးယက်စနစ်နဲ့ ဆိုရင်တော့ ၇.၁ စက္ကန့်အထိအောင် ကြာပြီး အားနည်းတာ တွေ့ရပါတယ်။

ဆီစားတော့များတယ်နော်….

ကျွန်တော် ပြောနေတာက V6 အင်ဂျင်တပ် မော်ဒယ်ပါ။ သူ့ရဲ့ ပျမ်းမျှ ဆီစားနှုန်းက ဆီတစ်ဂါလံကို ၁၉ မိုင် ထိအောင် စီးနင်းနိုင်မှာဖြစ်ပြီးတော့ V6 အင်ဂျင်တပ် မော်ဒယ်တွေထဲမှာတော့ ဆီစားတော်တော် များတယ်လို့  ဆိုရမှာပါ။ City ဆိုရင် ၁၆ မိုင်လောက်ထိအောင်ပဲ စီးနိုင်မှာ ဖြစ်ပြီးတော့ Highway ဆိုရင်တော့ ၂၅ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာပါ။ ဒီနေရာမှာ နောက်ဘီးယက်စနစ်နဲ့ ဆိုရင် City မှာ ဆီစားပိုသက်သာပြီး လေးဘီးယက်စနစ်နဲ့ ဆိုရင်တော့ Highway မှာ ဆီစားသက်သာတာ တွေ့ရပါတယ်။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုကတော့ ၁၉.၁ ဂါလံထိအောင် ဖြစ်တာကြောင့် သူ့ရဲ့ ဆီစားနှုန်းနဲ့ စာရင် အနေတော်ဖြစ်ပေမယ့် အကြီးစား ဆီဒင်အတွက်ကတော့ အနည်းငယ် သေးနေတာပါ။ ကဲ .. ဒါဆိုရင် သင်ရော Charger ကို သဘောကျလား၊ ကျွန်တော်ကတော့ ဆီအပိုင်းကလွဲလို့ ကျန်တဲ့အပိုင်းတွေ အားလုံးကို ကြိုက်ပါတယ်။  အထူးသဖြင့် စွမ်းဆောင်ရည်ပေါ့ဗျာ။

Ref: www.edmunds.com