Telecenter ၁၅ ခုကို ဖွင့်လှစ်နိုင်ခဲ့ဟုဆို

Update-News_5_0.jpg

တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် Light House ဟု အမည်ပေးထားသော Telecenter အရေအတွက် ၂၀၀ ကို ဖွင့်လှစ်ပေးသွားမည်ဟု ကတိပြုထားသည့် Telenor သည် လက်ရှိအချိန်၌ Telecenter ၁၅ ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီဟု သိရသည်။

ဒလ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ ပန်းတနော်၊ သာယာဝတီ၊ ဘားအံ၊ ပဲခူး၊ နတ်တလင်း ၊ ပြည်၊ လယ်ဝေး၊ ပျဉ်းမနား၊ ကျောက်ပန်းတောင်း၊ ရေစကြို၊ မတ္တရာ စသည့်မြို့များ၌ Telecenter များကို တည်ထောင် ခဲ့ပြီးဖြစ်ပြီး လက်ရှိအချိန်၌ တောင်ကြီးမြို့တွင်လည်း ဖွင့်လှစ်သွားမည်ဟု သိရသည်။

Telecenter အရေအတွက် ၂၀၀ ကို ပြည်တွင်းရှိ အရပ်ဘက် နည်းပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော Myanmar ICT Development Organization (MIDO) နှင့်ပူးပေါင်း၍ လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၎င်းတို့နှင့်လက်တွဲ၍ မိမိနေထိုင်ရာ အရပ်ဒေသအသီးသီး၌ Telecenter ဖွင့်လှစ်လိုပါက ဆက်သွယ်နိုင်သည်ဟုလည်း သိရသည်။

လူထုအခြေပြု သတင်းအချက်အလက် ဌာနတစ်ခုအဖြစ် ရည်ရွယ်၍ Telecenter များကို ဖွင့်လှစ်ပေး ခြင်းဖြစ်ပြီး ဒေသတွင်း၌ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အလုပ်အကိုင်၊ ကူးသန်းရောင်းဝယ်ရေးနှင့် အခြားသော အခန်းကဏ္ဍအသီးသီးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဖြန့်ဝေပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ဒေသတွင်းရှိ Telecenter ဖွင့်လှစ်သူအတွက်လည်း ရေရှည်စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန် စဉ်းစားထားပြီး မတည်ထောက်ပံ့မှုများကိုလည်း Telenor က ပေးအပ်သွားမည်ဟု ကြေညာထားသည်။