US ICT Council Myanmar က ပြည်တွင်းရှိ ကဏ္ဍမျိုးစုံကို အကူအညီများ ပေးအပ်မည်

Update-News_5_0.jpg

အမေရိကန်အခြေစိုက် နာမည်ကြီး နည်းပညာကုမ္ပဏီ ၅ ခု စုစည်းထားသော US ICT Council Myanmar သည် ပြည်တွင်းရှိ ကဏ္ဍမျိုးစုံကို အကူအညီများ ပေးအပ်သွားရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများက ပြောသည်။

ယခုလ ပထမပတ်အတွင်း နေပြည်တော်၌ High Level Seminar တစ်ခုကို ကျင်းပခဲ့ပြီး အဆိုပါ Seminar ၌ Council ၏ အကူအညီပေးအပ်ရေး အစီအစဉ်များကို အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်း အသီးသီးမှ ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့မှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

“Microsoft ဆိုရင် ပညာရေးကဏ္ဍကို ကူညီမယ်။ အခြားကုမ္ပဏီကလည်း အခြားကဏ္ဍတွေကို ကူညီမယ်။ ဒါတွေကို အားလုံးကလည်း သဘောတူတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးပါတယ်”ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

US ICT Council Myanmar ၌ ကမ္ဘာကျော် အမေရိကန်နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်ကြသည့် Cisco ၊ Google ၊ HP ၊ Microsoft နှင့် Qualcomm တို့က ပူးပေါင်းပါဝင်ထားပြီး မြန်မာနိုင်ငံ၌ လိုအပ်လျက်ရှိသော အခန်းကဏ္ဍ အသီးသီးကို ထောက်ပံကူညီမှုများ ပေးအပ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါ Council သည် မည်သည့်အတိုင်းအတာအထိ ပြည်တွင်းရှိ လိုအပ်နေသော အခန်းကဏ္ဍများကို ထောက်ပံ့သွားမည်ဟု သတင်းထုတ်ပြန်ထားခြင်း မရှိသော်လည်း ပထမဦးဆုံးအနေဖြင့် နာမည်ကြီး နည်းပညာကုမ္ပဏီများ စုစည်း၍ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။