Mortal Kombat X

mortal-kombat-x-listing-thumb-us-30may14.jpg

NetherRealm Studios ရဲ့ Mortal Kombat X ဂိမ်းသစ်ဟာ video game generations လွတ်သွားခြင်းမရှိဘဲ နှစ်ပေါင်းများစွာ အဆက်မပြတ်ထွက်ရှိခဲ့တဲ့ Mortal Kombat ဂိမ်းစီးရီးရဲ့ ဆယ်ခွေမြောက် ဂိမ်းသစ်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကနေ ဇာတ်လမ်း ပုံစံအသစ် (Reboot) အဖြစ် ပြန်လည်စတင်ခဲ့တဲ့ Mortal Kombat 9 ရဲ့ တိုက်ရိုက်အဆက်လည်း ဖြစ်တဲ့အတွက် MK9 တုန်းကလို စိတ်ဝင်စားစရာကောင်းတဲ့ singleplayer storyline cutscenes တွေ သွက်လက်တဲ့ versus fighting gameplay တွေ သေချာပေါက် ပြန်လည်ပါဝင်ထားပါတယ်။ အရင် PlayStation 2 တို့ Nintendo Game Cube ဂိမ်းစက်တို့မှာကတော့ Mortal Kombat ဂိမ်းတွေအများကြီး ထွက်ခဲ့ပေမယ့် 7th Generation တုန်းကတော့ Mortal Kombat 9 တစ်ခွေသာ နောက်ကျပြီး ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ 8th Generation အတွက် စောစောစီးစီးထွက်လာပြီး PC,  PlayStation 4 နှင့် Xbox One အတွက်ကတော့ ဧပြီလအတွင်းက ထွက်ခဲ့ပေမယ့် Xbox360 နဲ့ PlayStation 3 Version တွေကိုတော့ ဇွန် ၂  ရက်မှာ ကစားနိုင်မှာ ဖြစ်ပါတယ်။

Tekken နှင့် Dead or Alive တို့လို 3D စနစ်နဲ့ စခဲ့တဲ့  Versus Fighting ဂိမ်းအများစုကပဲ အပေါ်အောက် (shifting) ပုံစံသွားလာနိုင်တဲ့ background level တွေကို ထည့်သွင်းခဲ့သလို Mortal Kombat တို့ Street Fighter တို့ဟာ ကြားထဲမှာ 3D level စနစ်သုံးဖြစ်ခဲ့ပေမယ့် အစကတည်းက လူကြိုက်များခဲ့တဲ့ 2D gameplay တွေကိုပဲ ပြန်အသုံးချလာတာ တွေ့ရပါတယ်။ Mortal Kombat X မှာလည်း ရှေ့၊ နောက်ပဲ သွားလာလို့ရတဲ့ 2D level တွေနဲ့ 3D character model တွေကို ပေါင်းစပ်ထားပြီး X-Ray attack တွေ၊ Fatality တွေသုံးရင်တော့ Camera Angle တွေ ပြောင်းလဲသွားမယ့် 2.5 viewpoint စနစ်ကို အသုံးပြုထားပါတယ်။ NetherRealm Studios ကပဲ ရေးသားတဲ့ DC Comic’s Injustice: Gods Among Us ကလိုပဲ နောက်ခံ level တွေမှာရှိတဲ့ items တွေ၊ ထောင်ချောက်တွေကို အသုံးပြုလို့ရမယ့် interactive background level တွေကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရမှာပါ။

Singleplayer Story mode အနေနဲ့ကတော့ အဓိက လူဆိုးခေါင်းဆောင်ဖြစ်သူ Shinnok နှင့် Quan Chi ဦးဆောင်တဲ့ NetherRealm မှ မကောင်းဆိုးဝါးတပ်ဖွဲ့ဟာ ကမ္ဘာမြေ Earthrealm ကို အပိုင်သိမ်းဖို့ ဝင်ရောက် ကျူးကျော်တဲ့အတွက် Johnny Cage၊ Sonya Blade, Kenshi နဲ့ Raiden လိုမျိုး ပရိသတ်သဘောကျ ရင်းနှီးပြီးသား ဇာတ်ကောင်တွေက ပြန်လည်တိုက်ခိုက်ရပုံကို တပ်ဖွဲ့နှစ်ဖွဲ့လုံး နေရာမှ ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။ အစောပိုင်း ဇာတ်လမ်းအနည်းငယ်က လွဲပြီးတော့ ကျန်ရှိတဲ့ Story mode တစ်ခုလုံးက ၂၅ နှစ်အကြာမှာ နေရာယူထားပြီး စုစုပေါင်း playable character  ၂၄ ယောက် ပါဝင်ထားသလို Story mode ထဲမှာပဲ ပါဝင်ထားပြီး versus mode ထဲမှာ ကိုင်လို့မရတဲ့ ဇာတ်ကောင်အချို့လည်း ကျန်နေပါသေးတယ်။

Kombat Pack လို့ အမည်ပေးထားတဲ့ Jason နှင့် Predator တို့လို နာမည်ကြီး movie characters တွေ ပါဝင်ထားတဲ့ DLC တွေလည်း နောက်ပိုင်းထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ Goro ကတော့ Preorder Bonus နှင့် Day One DLC အဖြစ် ပါဝင်ထားပါတယ်။ အနာဂတ်မှာ နေရာယူထားတဲ့အတွက် Liu Kang လိုမျိုး အရင်မြင်နေကြ ဇာတ်ကောင်တွေကို ဆံပင်ဖြူ တွေနဲ့ အသက်ကြီးနေတဲ့ ပုံစံမျိုး မြင်တွေ့ ရမှာ ဖြစ်သလို Johnny Cage နှင့် Sonya Blade တို့ရဲ့ သမီး Cassie Cage, Jax ရဲ့သမီး Jacqui, Kenshi ရဲ့သား Takeda နှင့် Kung Lao ရဲ့ မျိုးဆက်ဖြစ်တဲ့ Kung Jin လိုမျိုး ဇာတ်ကောင်သစ်တွေ ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်လာပါတယ်။ Mortal Kombat ဂိမ်းဇာတ်ကောင်တွေနဲ့ ရင်းနှီးပြီးသားသူ အများစုကတော့ MKX  Storyline ကို နားလည်နိုင်ပေမယ့် နောက်ကြောင်းပြန်တာတွေ၊ အနာဂတ် အချိန်တွေနဲ့ time skip မျိုးစုံပါဝင်တဲ့အတွက် ကျန်ရှိတဲ့ ကစားသူတွေကတော့ ဇာတ်လမ်းအကုန် နားလည်ဖို့ ခက်ပေမယ့် Versus Fighting Game ဖြစ်တဲ့အတွက် Multiplayer mode ကိုပဲ အဓိက ကစားဖြစ်မှာကြောင့် သိပ်တော့ ပူစရာမလိုသလို Story mode ကို အဓိက ကစားချင်ရင်တော့ Mortal Kombat 9 ရဲ့ ဇာတ်လမ်းကို ကြိုသိထားရင် ပိုအဆင်ပြေမှာပါ။

အခြေခံ gameplay ပိုင်းအနေနဲ့ကတော့ အရင် Mortal Kombat 9 ရဲ့ gameplay ဂိမ်းတွေလိုပဲ basic attack နှင့် special attack မျိုးစုံပေါင်းစပ်ပြီး Combo တွေထုတ်နိုင်မှာဖြစ်သလို Health Bar အပြင် Stamina Bar ကိုလည်း ထည့်သွင်းလာတာ တွေ့ရပါတယ်။ ပုံမှန် တိုက်ခိုက်မှုအတွက်တော့ Stamina ကုန်မှာမဟုတ်ပေမယ့် Running နှင့် Dashing လိုမျိုး movement တွေအတွက် Stamina အသုံးပြုရ မှာဖြစ်ပြီး Damage အများကြီးထိရင် X-Ray Vision ထိုးဖောက်မြင်ရတဲ့ တိုက်ကွက်တွေ ရက်စက်တဲ့ Fatalities တွေလည်း မပါမဖြစ် ပါဝင်လာပါတယ်။ The Crypt ကနေပြီးတော့ ကစားရင်း ရရှိထားတဲ့ coins တွေနဲ့ ဇာတ်ကောင် တစ်ယောက်ချင်းစီအတွက် Finishing Moves ၅ မျိုးလောက်အထိ ရရှိနိုင်သလို Alternate Costume မျိုးစုံလည်း ပါဝင်ထားပါတယ်။ ဇာတ်ကောင် ၂၄ ယောက်ပဲ အစောပိုင်း မှာ ရွေးနိုင်သလို အချို့နာမည်ကြီး ဇာတ်ကောင်တွေ နေရာမှာ ဇာတ်ကောင်သစ်တွေ အစားထိုး ဝင်ရောက်လာပေမယ့် တစ်ယောက်ကို တိုက်ခိုက်ပုံ ပုံစံနဲ့ special attack တွေမတူတဲ့ Variations ၃ မျိုးစီ ရွေးနိုင်တယ်ဆိုတော့ အချိန်ကြာကြာ မပျင်းအောင် ဆက်တိုက် ကစားနိုင်မှာဖြစ်ပါတယ်။

Mortal Kombat X ဂိမ်း ဟာ graphics ပိုင်းရော gameplay framerate ပိုင်းရော ကြည့်မယ်ဆိုထွက်ထားသမျှ MK ဂိမ်းတွေထဲမှာ အကောင်းဆုံးနဲ့ အသွက်လက်ဆုံးဖြစ်တာ တွေ့ရမှာဖြစ်ပြီး  graphics
ပိုင်း ကောင်းလွန်းလို့ အရင်က ရယ်စရာကောင်းအောင် Slapstick Violence ပုံစံ လုပ်ထားတဲ့ Fatalities တွေကတော့ မြင်နေကြ မဟုတ်သူတွေအတွက် နည်းနည်းတော့ ကြောက်ဖို့ ကောင်းနေမှာ ဖြစ်သလို MK ပရိသတ်တွေ အားလုံးနဲ့ Versus Fighting ဂိမ်းပရိသတ်တွေကတော့ သေချာပေါက် သဘောကျမယ့် ဂိမ်းသစ်ဖြစ်တာ တွေ့ရပါတယ်။