သွားလိုရာလမ်းသို့ တက္ကစီမျှဝေစီးနင်းနိုင်မည့် Application စတင်အသုံးပြုနိုင်

IMG_1771.jpg

မိမိသွားလိုသည့်နေရာသို့ တက္ကစီငှားရမ်းသွားမည်ဆိုပါက မိမိသွားလိုရာ လမ်းကြောင်းတူသူနှင့် မျှဝေစီးနင်း နိုင်မည့် Application ကို ယနေ့မှစတင်ကာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါ Application ကို ဆောင်ရွက်သည့် Synapse မှ Senior Web Developer ကိုသီဟတင်မောင်အေးက ပြောသည်။

အဆိုပါ Application အသုံးပြုနိုင်ရန်အတွက် ဖေ့ဘုတ်အကောင့် သို့မဟုတ် ဂျီမေးလ်တို့ လိုအပ်မည်ဖြစ်ပြီး အခမဲ့ရယူ အသုံးပြုနိုင်မည် ဖြစ်သည်။

“ကိုယ်က Junction Square ကိုသွားမယ်ဆိုရင် အဲဒီလမ်းကြောင်းနဲ့ တက္ကစီတူတူစီးလို့ ဖြစ်တဲ့နေရာ လှည်းတန်းလိုမျိုး နီးစပ်ရာအကွာအဝေးကို ရှာပေးပြီး တက္ကစီမျှဝေစီးနိုင်မှာဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူစိမ်းယောက်ျားလေးတွေနဲ့ ရောမစီးချင်ဘူးဆိုရင် Application ထဲမှာ Ladies Only Options ကို ရွေးချယ်ထားပြီး အမျိုးသမီးတွေချည်း စီးနိုင်မှာဖြစ်ပါတယ်” ဟု ကိုသီဟတင်မောင်အေးက ပြောသည်။

အဆိုပါ Application ကို ဖေ့စ်ဘုတ်၊ ဂျီမေးလ်အကောင့်တို့ဖြင့် Login ဝင်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။
www.hoho-dede.com သို့ Login ဝင်ပြီးနောက် မိမိသွားလိုရာနေရာနှင့် လမ်းကြောင်းတူသူများအား App Chat မှတစ်ဆင့် ရှာဖွေနိုင်မည်ဖြစ်သည်။ ချက်ချင်းသော်လည်းကောင်း၊ ကြိုတင်၍သော်လည်းကောင်း၊ အမျိုးသမီးသီးသန့်သော်လည်းကောင်း ရှာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ချိန်းထားတဲ့သူက နောက်ကျတယ်ဆိုရင် သူ့ကို Rating ပေးနိုင်တဲ့စနစ်လည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ကျတဲ့သူအကောင့်ကို Rating ပေးထားတယ်ဆိုရင် တစ်ခြားနောက်ထပ်သူနဲ့အတူ တက္ကစီမျှဝေစီးမယ့် သူက ဒီလူနောက်ကျတတ်တယ်ဆိုတာ သိနိုင်မှာပါ” ဟုဆိုသည်။

အဆိုပါ Application ကို Android Version နှင့် Web Version နှစ်မျိုးစလုံး အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ Play store တွင်လည်းကောင်း၊ www.hoho-dede.com ဝက်ဘ်ဆိုက်တွင်လည်းကောင်း Application အား ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

“စစ်တမ်းအရ ရန်ကုန်မြို့မှာ တက္ကစီစီးရေ ငါးသောင်းလောက်ရှိပါတယ်။ အဲဒီအထဲကမှ ရှစ်ရာခိုင်နှုန်းလောက်ကပဲ တက္ကစီစီးတယ်လို့ သိရတယ်၊။ တက္ကစီနှုန်းထားတွေက သာမန်လူတွေအတွက် များလွန်းတယ်။ ကိုယ်နဲ့ခရီးစဉ်တူတဲ့သူကိုရှာပြီး မျှစီးနိုင်မယ်ဆိုရင် ဈေးသက်သာမယ်ဆိုတဲ့အချက်နဲ့ ဒီ Application ကို မျှဝေပေးတာဖြစ်ပါတယ်” ဟု ကိုသီဟတင်မောင်အေးက ဆိုသည်။