SM3 Directory ၌ မြို့ ပေါင်း ၂၀ ကျော်၏ အချက်အလက်များ ပါဝင်လာမည်ဟုဆို

Update-News_5_0.jpg

မိုဘိုင်းဖုန်းသုံးလမ်းညွှန် Application တစ်ခုဖြစ်သည့် SM3 သည် ဇူလိုင်လ၌ Update Data များ ထွက်ရှိလာမည်ဖြစ်ပြီး အဆိုပါ Update Data ၌ မြို့ပေါင်း ၂၀ ကျော် (သို့မဟုတ်) မြို့ပေါင်း ၃၀ နီးပါးအတွက် လမ်းညွှန်ဖုန်းနံပါတ်များ ပါဝင်လာမည်ဟု သိရသည်။

လက်ရှိအချိန်၌ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ – ညောင်ဦး၊ တောင်ကြီးမြို့များအတွက်သာ လမ်းညွှန်ဖုန်းနံပါတ်များ ပါဝင်ပြီး အသစ်ထပ်မံဖြည့်သွင်းပေးမည့် အချက်အလက်များ၌ မြို့ပေါင်း ၂၀ (သို့မဟုတ်) မြို့ပေါင်း ၃၀ မှ အချက်အလက်များ ပါဝင်လာမည်ဟု သိရသည်။

“ဇူလိုင်မှာ မြို့ပေါင်း ၃၀ လောက်က Data တွေ ပါလာမယ်လို့ထင်တယ်။ အခုကတော့ Data သွင်းနေတုန်း သေချာမသိသေးဘူး”ဟု Universal Technology ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ကိုတင်မျိုးဟန်းက ပြောသည်။

အသုံးပြုသူအရေအတွက် ၁၅ သိန်းဝန်းကျင်အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည့် SM3 Directory ၌ နေ့စဉ် လုပ်ငန်းဆောင်တာများအတွက် လိုအပ်သော မိုဘိုင်းဖုန်းနံပါတ်များကို အမျိုးအစားအလိုက် ဖော်ပြထားရှိသည့်အပြင် ရွှေဈေး၊ ငွေဈေး၊ ရုပ်ရှင်အနုပညာ အပါအဝင် ပရိုမိုးရှင်းအသင်းများကိုလည်း ကြည့်ရှုနိုင်သည်ဟု သိရသည်။

“အမြန်လမ်းက ကြက်ခြေနီ ဖုန်းနံပါတ်တွေ၊ ရဲစခန်းဖုန်းနံပါတ်တွေလည်း အခုဆိုရင်ပါလာပြီ။ အွန်လိုင်းက ဒေတာရတာတွေကလည်း နည်းနည်းများလာတယ်။ ရွှေဈေး၊ ငွေဈေးတွေလည်း ဖော်ပြပေးလာနိုင်တယ်”ဟု ကိုတင်မျိုးဟန်က ပြောသည်။ Application ၌ တိုက်ရိုက်ခေါ်ဆိုမှု ပြုလုပ်နိုင်သော ရဲစခန်း၊ မီးသတ်နှင့် အပေါ်ကား ခေါ်ဆိုမှုများကိုလည်း ပြုလုပ်နိုင်သည်။

အဆိုပါ မိုဘိုင်း Application သည် အခမဲ့ရယူအသုံးပြုနိုင်သည့် မိုဘိုင်းဖုန်းလမ်းညွှန် Application ဖြစ်ပြီး ၂၀၀၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ Application ၏ Update Data ကိုနှစ်စဉ် ဇန်န၀ါရီလနှင့် ဇူလိုင်လ၌ ပေးအပ်နေခြင်းဖြစ်ပြီး Android မိုဘိုင်းဖုန်းများအတွက် မြန်မာစာစနစ်ဖြင့် လွယ်ကူစွာ ထည့်သွင်းအသုံးပြုနိုင်ကြောင်း သိရသည်။