နှစ်ပတ်ဆက်တိုက် အွန်လိုင်းဂိမ်း ကစားသည့် တရုတ်အမျိုးသားတစ်ဦး သတိလစ်လဲကျ

11188149_10152889969672825_6388390857502736860_n.jpg

အသက် ၂၁ နှစ်အရွယ် တရုတ်အမျိုးသား တစ်ဦးသည် ၁၄ ရက်ခန့် အွန်လိုင်းဂိမ်း ကစားခဲ့ပြီးနောက် သတိလစ် လဲကျခဲ့ကြောင်း တရုတ်နိုင်ငံ၏ Anhui Business Review မှ ဖော်ပြချက်ကို Telegraph က ဘာသာပြန်ကာ ဖော်ပြခဲ့သည်။

မစ္စတာရှာသည် လူသားများ ခံနိုင်ရည်ရှိသည့် ပမာဏထက် ကျော်လွှန်ကာ အွန်လိုင်းဂိမ်း ဆက်တိုက်ကစားခဲ့ပြီးနောက် အန်ဟွေခရိုင် ဟေဖေးမြို့ရှိ အင်တာနက်ကဖေးဆိုင် အပြင်ဘက် လျှောက်လမ်းပေါ်တွင် သတိလစ်ကာ လဲကျခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လဲကျခဲ့ပြီးသတိပြန်ရချိန်တွင် မစ္စတာရှာသည် အင်တာနက် အသုံးပြုခွင့်ပေးရန်အတွက် ၎င်းကို လာရောက်ကူညီကြသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများထံ တောင်းဆိုခဲ့သေးကြောင်း သိရသည်။

၎င်းက “ငါ့ကို မနှောက်ယှက်ပါနဲ့။ ငါ့အတွက် ကွန်ပျူတာ ဖွင့်ထားပေးပါ။ ငါ အင်တာနက် သုံးချင်လို့ပါ” ဟု ပြောကြားခဲ့သည်။

မစ္စတာရှာသည် ခေတ္တခဏ ကယောင်ကတမ်း ဖြစ်ခဲ့သော်လည်း ၎င်းအနေဖြင့် အင်တာနက်ကို အလွန်အမင်းစွဲလမ်းနေသည့် ရောဂါ ခံစားနေရခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်တွင် အင်တာနက်စွဲလမ်းမှုလျှော့ချရေး ပရိုဂရမ်ကို ၂၀၀၉ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီးနောက် အွန်လိုင်းကမ္ဘာနှင့် ပတ်သက်၍ သုတေသနများ ဆက်တိုက် ပြုလုပ်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ယူကေ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် အင်တာနက်ကို စွဲလမ်းနေသူများမှာ ဂိမ်းကစားသူများ မဟုတ်ဘဲ အလုပ်ကို မနားမနေ လုပ်သူများသာ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Ref: CNET