Selfie ရိုက်ကူးမှုများကို အလွယ်ကူပြုလုပ်နိုင်မည့် Nixie မောင်းသူမဲ့ယာဉ်

nixie-wearable-camera-wristband-that-transforms-into-tiny-quadcopter-flying-drone.jpg

လက်ပတ်တစ်ခုကဲ့သို့ လက်ကောက်ဝတ်တွင် ဝတ်ဆင်သွားနိုင်သည့်အပြင် Selfie ရိုက်ကူးနိုင်သည့် ကင်မရာ ပါဝင်သော မောင်းသူမဲ့ယာဉ် Nixie ထုတ်ကုန်ထွက်ရှိလာ ပြီဖြစ်သည်။

Nixie  သည်သာမန် အချိန်တွင် လက်ပတ်အဖြစ် ဝတ်ဆင်ထားနိုင်ပြီး အသုံးလိုသည့်အခါတွင် မောင်းသူမဲ့ ယာဉ်အဖြစ် အသွင်ပြောင်း လုပ်ဆောင်ပေးနိုင်သည်။ အဆိုပါယာဉ်မှ လေထဲတွင်ပျံသန်းရင်း ဗီဒီယိုရိုက်ကူးနိုင်သကဲ့သို့ ဓာတ်ပုံများကိုလည်း လျှပ်တစ်ပြက် ရိုက်ကူးနိုင်မည် ဖြစ်သည်။ ရွေ့လျားမှုခန့်မှန်း တွက်ချက်လုပ်ဆောင်သည့် အယ်ဂေါ်ရီသမ်များ (motion-prediction algorithms) နှင့် အာရုံခံကိရိယာများ (sensors) ကိုအသုံးပြုသည့် နည်းလမ်းကို Nixie မှ ၎င်းတို့၏ နည်းလမ်းများဖြင့် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း Wired မဂ္ဂဇင်း၏ အဆိုအရသိရသည်။ အဆိုပါ ကိရိယာတွင် ၃၆၀ ဒီဂရီရိုက်ကူးနိုင်သော panorama နည်းပညာပါရှိသည်။

အဆိုပါ ထုတ်ကုန်မှာ ဝတ်ဆင်နိုင်သော နည်းပညာကို ချဉ်းကပ်မှု ပုံစံသစ်ဖြစ်လာနိုင်ပြီး developer များအကြား  ပြိုင်ဆိုင်မှု ပုံစံသစ်များ ထွက်ပေါ်လာရန်လည်း တွန်းအားပေးနိုင် လိမ့်မည်ဟုသိရသည်။ ၎င်းထုတ်ကုန်ဖြင့် Nixie ၏ developer များမှာ ယခုတစ်ပတ် တနလာင်္နေ့က ပြုလုပ်သော Intel ၏ “Make It Wearable” ပြိုင်ပွဲ၌ ပထမဆုကို ဆွတ်ခူးခဲ့ပြီး ကန်ဒေါ်လာ ၅ သိန်းဆွတ်ခူးခဲ့သည်။

အဆိုပါ ထုတ်ကုန်ကို စတန်းဖို့ဒ်တက္ကသိုလ်မှ ရူပဗေဒဆိုင်ရာ စမ်းသပ်မှုဌာနရှိ ဘွဲ့လွန်သုတေသီ ခရစ်စတိုဖာကို့စ်စတဲလ်နှင့် ၎င်း၏သူငယ်ချင်းဖြစ်သူ Google မှ နည်းပညာဆိုင်ရာ ပရိုဂရမ်မာတို့မှ ပူးပေါင်းတည်ဆောက် ထားကြခြင်းဖြစ်သည်။ ၎င်းတို့၏အဖွဲ့မှ Intel ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် လေယာဉ်ပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် ရုပ်ရှင်ထုတ်လုပ်သူ မိုက်ကယ်နိုင်ဒါမာရယ်မှ ပူးပေါင်းပါဝင်ခဲ့သည်။ Nixie ထုတ်ကုန်သည် လက်ရှိအချိန်တွင် ရှေ့ပြေးပုံစံငယ်အဆင့်သာ ရှိနေသေးပြီး ဈေးကွက်တွင် ဖြန့်ချိရောင်းချခြင်း မရှိသေးပေ။

-စိုးထက်
Ref: Mashable