ရှေ့မီးကြီးများကို ပြင်ဆင်ခြင်း အပိုင်း (၁)

headlight-motorbike-motorcycle-1658.jpg

ဆိုင်ကယ်တစ်စီးအတွက် အရေးအပါဆုံး အပိုင်းတွေကို ပြောပါဆိုရင်တော့ အင်ဂျင်နဲ့ ဘီးတွေလို့ ဆိုကြမှာ၊ ဆိုနိုင်မှာ ဖြစ်ပေမယ့် နေရာဒေသမရွေး၊ အချိန်အခါမရွေး သွားလာနိုင်ဖို့အတွက်ဆိုရင်တော့ ဆိုင်ကယ်တစ်စီးအတွက် သူ့ရဲ့ ရှေ့မီးကြီးတွေကလည်း တော်တော်ကို အရေးပါတယ်လို့ ဆိုနိုင်မှာ ဖြစ်လို့ပါ။ အကြောင်းကတော့ ကျွန်တော်ကိုယ်တိုင်လည်း တစ်မြို့ကနေ တစ်မြို့ Highway သဘောမျိုး သွားလာ
တဲ့ နေရာတွေမှာ ရှေ့မီးကြီး အားမကောင်းတာကြောင့် အမြန်နှုန်း များများနဲ့ မောင်းနှင်ရ အဆင်မပြေတာမျိုးတွေ အပါအဝင် ရှေ့မီးကြီးကျွမ်းနေလို့ ဘေးဘက် Signal မီးသီးလေးတွေနဲ့ ထိန်းမောင်းခဲ့ရတာတွေ၊ လက်နှိပ်ဓာတ်မီးနဲ့ စမ်းတဝါးဝါး မောင်းနှင်ခဲ့ရတာတွေကို မြင်ဖူး၊ ကြုံဖူးတာကြောင့် ဖြစ်ပါတယ်။ ဒီလိုမျိုး ရှေ့မီးကြီးတွေ မကောင်းဘဲမဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ဆိုင်ကယ်ကို မောင်းနှင်တာက ကောင်းတဲ့၊ မှန်တဲ့ နည်းလမ်းလို့ သင့်အနေနဲ့ ယူဆပါသလား။ မဟုတ်ပါဘူး၊ ဒါဟာ နည်းလမ်းမကျပါဘူး၊ နောက်ပြီး အန္တရာယ်လည်း များပါတယ်။ ဒီတော့ ကျွန်တော်တို့ ရှေ့မီးကြီးတွေ ဘယ်လောက်ထိအောင် အရေးပါတယ်၊ ဘယ်လို ပြင်ဆင်မယ်၊ ဆိုတာတွေကို ဆက်ကြည့်ရအောင်ပါ။

ဆိုင်ကယ်တစ်စီးအတွက် အလင်းရောင်ပိုင်းဆိုင်ရာ အဓိကအခရာကျတဲ့ အပိုင်းကတော့ အခုပြောမယ့် ရှေ့မီးကြီးအပိုင်း ဖြစ်ပြီးတော့ သူက ညနေအချိန် အခါတွေကနေစပြီး အမှောင်ပိုင်း အချိန်တစ်လျှောက်လုံး ဖွင့်လှစ်မောင်းနှင် သုံးစွဲရတဲ့ အပိုင်းလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပထမဆုံးကျွန်တော် ပြောချင်တဲ့ တစ်ချက်က ရှေ့မီးကြီးတွေရဲ့ မီးပြေးပမာဏ ဖြစ်ပါတယ်။ ဒါဟာ ရှေ့မီးကြီး ပျက်စီးနေတဲ့ အကြောင်းအရာ မဟုတ်သေးပါဘူး။ ပြောရရင် ရှေ့မီးကြီးရဲ့ မီးပြေးအတိုင်းအတာကတော့ ဆိုင်ကယ်အသစ်ဖြစ်နေသည့်တိုင်အောင် ပြန်လည် ချိန်ညှိဖို့ လိုတတ်စမြဲပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ကိုယ့်ရဲ့ နေရာ၊ ဒေသနဲ့ ကိုက်ညီတဲ့ မီးပြေးကိုပြန်လည် ချိန်ညှိရတာကြောင့် ဖြစ်ပါတယ်။

ဒီနေရာမှာ ဆိုင်ကယ်တစ်စီးရဲ့ ရှေ့မီးကြီး မီးဖြန့်မှုအပိုင်းကလည်း မီးလုံးအထိုင်စနစ်နဲ့ နောက်ပြီး တပ်ဆင်မီးသီးရဲ့ ပုံစံကို အခြေခံပြီးတော့ စုစည်းမီးဖြန့်ပုံစံနဲ့ ဖြန့်ကြက် မီးဖြန့်ပုံစံ နှစ်မျိုးလာပါတယ်။ မြို့တွင်းလို လမ်းကြောင်းတွေအတွက်ကတော့ စုစည်းမီးဖြန့်ပုံစံက အဆင်ပြေစေမှာဖြစ်ပြီး ဖြန့်ကြက် မီးဖြန့်ပုံစံကတော့ Highway သွားတတ်သူတွေအတွက် အဆင်ပြေပါတယ်။ ဒီနေရာမှာ ကိုယ်နဲ့ မျက်နှာချင်းဆိုင်မောင်းနှင် လာမယ့် မော်တော်ကားနဲ့ တခြားဆိုင်ကယ်တွေ အနေနဲ့ကတော့ စုစည်းမီးဖြန့်စနစ်ကို သိပ်ပြီးမကြိုက်ကြပါဘူး။ အကြောင်းကတော့ မျက်စိကို အလင်းကျရောက် စူးဝါးစေမှု များပြားလို့ ဖြစ်ပါတယ်။ ဒီတော့ စုစည်း မီးဖြန့်ပုံစံနဲ့ မီးကြီးတွေက မကောင်းတော့ဘူးတဲ့လား၊ မသုံးသင့်ဘူးတဲ့လား၊ ဒီလိုလည်း မဟုတ်ပါဘူး။ လိုအပ်တဲ့ နေရာမှာ မှန်မှန်ကန်ကန် သုံးမယ်ဆိုရင် အဆင်ပြေပါတယ်။ ဥပမာ နှင်းကျတတ် တဲ့ တောင်ပေါ်ဒေသလို နေရာတွေမှာဆိုရင် စုစည်း မီးဖြန့်စနစ်နဲ့ ရှေ့မီးကြီးတွေက အဆင်ပြေမှာပါ။ ဒါပေမဲ့ ပြောခဲ့သလို မှန်မှန်ကန်ကန်ဖြစ်အောင်သုံးဖို့ဆိုရင်တော့ တစ်ခုပဲ ရှိပါတယ်။ ရှေ့မီးကြီးတွေရဲ့ မီးဖြန့် ပမာဏကို ချိန်ညှိလိုက်ရုံပါပဲ။ စုစည်းစနစ်မှာဖြစ်စေ ဖြန့်ကြက်စနစ်မှာဖြစ်စေ အထက်မီးနဲ့ အောက်မီးတွေရဲ့ ထားရှိသင့်တဲ့မီးဖြန့် ပမာဏအတိုင်းအတာကို ပြောချင်ပါတယ်။ ပုံမှန်အနေနဲ့ ဆိုင်ကယ် တစ်စီးမှာ အောက်မီးနဲ့သာ မောင်းနှင်ပေမယ့် အတက်၊ အဆင်း လမ်းကြောင်းတွေ၊ မိုးရွာ၊ နှင်းကျ အခြေအနေတွေနဲ့ အမြန်နှုန်း မြင့်မြင့်မောင်းနှင်ချိန်တွေမှာတော့ အထက်မီးနဲ့ မောင်းနှင်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဆက်လက်ဖော်ပြပါမည်