လက်ရှိဈေးကွက်မှာ ဆရာကျနေတဲ့ ပြိုင်ကားသစ် Lotus Evora S 2015

Lotus-Evora-S-.jpg

ဒီရက်ပိုင်း ကမ္ဘာ့ကား ဈေးကွက်ရဲ့ Sport ပိုင်းမှာ မော်ဒယ်သစ် ထွက်ရှိမှု နည်းနည်းကျဲနေပါတယ်။ ဒါပေမဲ့ လာပါလိမ့်မယ်၊ အခုချိန်က နှစ်ဆန်းပိုင်း ဖြစ်တာကြောင့် ကုမ္ပဏီတိုင်းက သူတို့ရဲ့ ထုတ်လုပ်နေသမျှ မော်ဒယ်တွေကို မော်ဒယ်တစ်နှစ်မြှင့် ထုတ်လုပ်ရောင်းချနေကြတာကြောင့် ပြောရရင် Sport လို ကားတွေအပိုင်းမှာက အားမထည့်နိုင်သေးတာ တွေ့ရသလို Sport တွေပဲ  သီးသန့် ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေကလည်း အခုလို အိမ်စီးကားတွေ မော်ဒယ်သစ်တွေ အဖြစ်နဲ့ မှိုလိုပေါက်အောင် ထုတ်လုပ်နေချိန်မှာ သူတို့က အသာလေး ငြိမ်နေတတ်ကြတာပါ။ ဒီတော့ အခုလို
Sport တွေ အထွက်နည်းနေတဲ့အချိန်မှာ ဘယ်သူတွေ ဘယ် Sport တွေကို အားပေးနေကြပါသလဲ။ လက်ရှိမှာတော့ Lotus ရဲ့ မော်ဒယ် တစ်ခုဖြစ်တဲ့ Evora S က အခြေအနေကောင်းနေပါတယ်။ Ok ပါ။
ဒါဆို ကျွန်တော်တို့ လက်ရှိမှာ Tip ဖြစ်နေတဲ့ မော်ဒယ်ကို ခဏလောက် ချဉ်းကပ်ကြည့်ရအောင်ပါ။

Highlights…

ကားအမျိုးအစားက Coupe တန်းဝင် Sport တစ်စီး ဖြစ်ပြီးတော့ နောက်ပိုင်းထုတ် မော်ဒယ်မြင့် ကားတစ်စီး ဖြစ်ပေမယ့် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ အလေးထားတဲ့ Lotus ကတော့ သူ့ရဲ့ မော်ဒယ်ကို Transmission ပိုင်းမှာ Manual စနစ်နဲ့ မောင်းနှင်နိုင်အောင် ဖန်တီးထားတာက စိတ်ဝင်စားစရာပါ။ နောက်ပြီး Coupe စစ်စစ် အနေအထားမျိုးနဲ့ ဖန်တီးထုတ်လုပ်ထားတာကြောင့် ခရီးသည်က နှစ်ယောက်ပဲ လိုက်ပါ စီးနင်းနိုင်မှာဖြစ်လို့ ဒီအပိုင်းကတော့ စဉ်းစားပြီးမှ ဝယ်ယူသင့်တာပါ။ ဒါကလည်း တခြား Coupe တွေဆိုရင် ခရီးသည် လေးယောက်ထိ စီးနင်းနိုင်ပြီး နောက်ဘက်ခုံတန်း ထည့်သွင်းတည်ဆောက်ထားတတ်တာမို့လည်း ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းကတော့ Sport တစ်စီးအတွက် အသံထွက် တည်ငြိမ်မှု အကောင်းဆုံးပေးနိုင်မယ့် V6 နဲ့ ဖြစ်ပါတယ်။

Pros…

အရင်ဆုံး ဒီဇိုင်းပိုင်းက ပတ်လမ်းမောင်း ပြိုင်ကားတစ်စီးပုံစံမျိုးဖြစ်အောင် Evora S ကို ချိုးဆစ်ထားတာ တွေ့ရပြီး ဒီအနေအထားက ဈေးကွက်မှာ အထူး လူကြိုက်များတဲ့ Ferrari နဲ့ Lamborghini မော်ဒယ်တွေကို တန်ကြေးနည်းနည်းနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်မယ့် အနေအထားလည်း ဖြစ်ပါတယ်။ ပြီးတော့ လက်ကိုင်ပိုင်း အားသာချက်ကတော့ Lotus ရဲ့ ပင်ကိုယ် အားသာချက်ဖြစ်လို့ ထူးပြီးပြောစရာမရှိပေမယ့် တခြား Sport တွေထက် သာလွန်နေတာ အမှန်ပါ။ ပြီးတော့ ဆီစားနှုန်း၊ Sport Coupe  တော်တော်များများက ဆီစားများကြတယ်၊ ဝယ်စီးတဲ့ သူတွေကလည်း ဆီဖိုးလောက်ကို ထည့်မတွက်ကြပေမယ့် အခု Evora S က ဆီစားနှုန်း သက်သာကောင်းမွန်တာကို တွေ့ရပါတယ်။

Powertrain

Evora မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ၃.၅ လီတာသုံး Toyota က ထုတ်လုပ်ပေးထားတဲ့ V6 အင်ဂျင်ဖြစ်ပြီးတော့ အဆိုပါ အင်ဂျင်က ရုန်းအား ၂၅၈ ပေါင်-ပေမှာ စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၂၇၆ ကောင်အား ထိအောင်ရှိမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ရုန်းအား၊ စွမ်းအား အပိုင်းအရတော့ မော်ဒယ်က တောင်တက် လမ်းကြောင်းနဲ့ ကွေ့လမ်းလို အပိုင်းတွေမှာ အားကောင်းဖို့ ရှိပေမယ့် လမ်းဖြောင့်၊ လမ်းကောင်း မှာတော့ တခြားမော်ဒယ်တွေထက် အားနည်းချက်နည်းနည်း ရှိနိုင်ပါတယ်။ အခုပြောနေတဲ့ Evora ရဲ့ နောက်ဆက်တွဲ Evora S ကတော့ အရွယ်တူ အင်ဂျင်တပ်ဆင်ထားတာ ဖြစ်ပေမယ့် စွမ်းဆောင်ရည် ပိုမိုမြင့်မားအောင် ဖန်တီးထားတာမို့ အင်ဂျင်က ရုန်းအား ၂၉၅ ပေါင်-ပေမှာ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၃၄၅ ကောင် အားထိအောင်ရှိမှာလည်း ဖြစ်တာကြောင့် Evora S ကတော့ လမ်းဖြောင့်၊ လမ်းကောင်းမှာ ဆရာကျနေတာ ဖြစ်ပါတယ်။

Performance

Transmission ပိုင်းမှာက ဂီယာချက် ၆ ချက်ကိုပဲ သုံးပြီးမောင်းနှင်နိုင်အောင် ဖန်တီးထားတာ တွေ့ရသလို အခု ပြောနေတဲ့ Evora S ကတော့ တစ်နာရီမိုင် ၆၀ နှုန်းကို အချိန် ၄.၆ စက္ကန့် တည်းနဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်တာလည်း တွေ့ရပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မှု အပိုင်းမှာတော့ မော်ဒယ်က အနည်းငယ် အားနည်းပြီးတော့ တစ်နာရီ ၁၆၃ မိုင်နှုန်းလောက်ပဲ ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Evora S မဟုတ်တဲ့ ပုံမှန် Evora မော်ဒယ်တွေကတော့ တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၄.၉ စက္ကန့််နဲ့ ရောက်မယ်လို့ ဆိုပေမယ့် စမ်းသပ်မောင်းနှင်သူတွေကတော့ အဆိုပါ အချိန်လောက်နဲ့ မရောက်ဘူးလို့ ဆိုကြပါတယ်။ နောက်ပြီး အဆိုပါ ပုံမှန် မော်ဒယ်တွေက Top Speed အပိုင်းမှာလည်း အားနည်းကြပြန်ပါတယ်။

Safety

Sport တစ်စီးအတွက် အရေးအကြီးဆုံး အပိုင်းက စွမ်းဆောင်ရည်ပြီးရင် ထိန်းချုပ်နိုင်မှု အပိုင်းပါပဲ။ ဘယ်လို ထိန်းချုပ်နိုင်မှုတွေလဲဆိုရင်တော့ လက်ကိုင်ပိုင်းနဲ့ ဘရိတ်ပိုင်းတွေ ဖြစ်ပါတယ်။ သေချာတာ တစ်ခုက လက်ကိုင်ပိုင်းမှာတော့ Lotus ရဲ့ မော်ဒယ်ဖြစ်တဲ့ Evora S က လှည့်ကြည့်စရာ မလိုအောင် ကောင်းမှာဖြစ်ပြီး ဒါကလည်း လက်ရှိဈေးကွက်မှာ ရှိနေသမျှ မော်ဒယ်တွေ Brand တွေထဲမှာ Lotus က လက်ကိုင်ပိုင်း နည်းပညာ အကောင်းဆုံး ဖြစ်လို့ပါပဲ။ ကျန်တဲ့ ဘရိတ်အပိုင်းမှာတော့ Evora S မှာ Anti Lock ဘရိတ်စနစ်ကို တပ်ဆင်ထားတာ တွေ့ရပြီး အသက်ကယ် လေအိတ်စနစ်တွေ တပ်ဆင်ထားတာ တွေ့ရပေမယ့် လိုအပ်ချက် တစ်ခုအနေနဲ့ ဘေးဘက်အသက်ကယ် လေအိတ်စနစ်ကို ဖြုတ်ထားတာပဲ ဖြစ်ပါတယ်။ ဘရိတ်ရဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ တစ်နာရီ မိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ်ဆိုရင် အကွာအဝေးအနေနဲ့ ၁၀၅ ပေပဲ ယူတာကြောင့် Sport တစ်စီးမှာ ရှိသင့်တဲ့ အကောင်းဆုံး အနေအထားကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ Evora S ရဲ့ အရေးကြီး အကြောင်းတွေကို နားလည်လောက်ပြီ၊ သိလောက်ပါပြီလို့ ဆိုပါရစေ။ နောက်ဆုံးအနေနဲ့ ကျွန်တော်က သုံးသပ်ချက်ပေးရမယ်ဆိုရင်လည်း မော်ဒယ်က တန်ကြေးနည်းနည်းနဲ့ ရနိုင်နေတဲ့ မော်ဒယ်တစ်ခုလည်းဖြစ်တဲ့ အပြင်ဆီစားနှုန်းကလည်း ဆီတစ်ဂါလံကို ပျမ်းမျှ ၂၂ မိုင် လောက်ထိအောင် စီးနင်းနိုင်မယ့် အနေအထားတွေက ဆွဲဆောင်မှု ကောင်းနေစေတာပါ။ တစ်ခုရှိတာက ဒီဇိုင်းပိုင်း အနေအထားမှာ သဘောကျရဲ့လားဆိုတာ ကိုယ်တိုင်ဝေဖန်ဆုံးဖြတ်ရမယ့်အပိုင်းဖြစ်ပြီး ကျန်တဲ့အားလုံးကတော့ အဆင်ပြေတယ်လို့ပဲ ဆိုချင်ပါတယ်။

Ref: www.edmunds.com