Samsung က myME ကို ထောက်ပံ့မှုများ ပြုလုပ်

Update-News_5.jpg

Samsung Electronic သည် လက်ဖက်ရည်ဆိုင်များရှိ ကလေးငယ်များကို လိုက်လံစာသင်ကြား ပေးနေသော myME ကို Tablet များအပါအဝင် အခြားသော ထောက်ပံ့မှု များ ပေးအပ်ခဲ့သည်ဟု သိရသည်။

လှည့်လည်သင်ကြားရေးအတွက် မော်တော်ယဉ်တစ်စီးနှင့် Tablet အလုံး ၂၀ အပါအဝင် သင်ကြားရေး အထောက်အကူဖြစ်သော စားပွဲ၊ ထိုင်ခုံများနှင့် TV တို့ကို Samsung က ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

“myME မှာ အခြေခံသင်တဲ့ အဆင့်ရှိတယ်။ မူလတန်း၊ အလယ်တန်း အောင်ပြီးသူတွေကိုတော့ Level 1 အနေနဲ့ သင်တယ်။ နောက်တစ်ဆင့်ကတော့ Level 2 အဆင့်ပါ။ အဲဒီမှာ အခြေခံကွန်ပျူတာ၊ အင်တာနက် စတာတွေအတွက် Tablet တွေသုံးပြီး သင်မှာပါ။ သင်ရိုးညွှန်းတမ်းတွေလည်း ပြီးပါပြီ” ဟု myME ၏ ဦးဆောင်သူက ပြောသည်။

myME ၏ ပညာသင်ကြားရေး အစီအစဉ်ကို ရန်ကုန်နှင့် မန္တလေးမြို့၌ လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်ပြီး လက်ရှိအချိန်၌ လက်ဖက်ရည်ဆိုင်များမှ ကလေးသူငယ် ၄၀၀ ကျော် ကို ပညာသင်ကြားပေးနေသည်ဟု သိရသည်။ လက်ဖက်ရည်ဆိုင် ၂၀ ခန့်နှင့် ချိတ်ဆက်၍ ကလေးငယ်များကို ပညာသင်ကြားပေနေခြင်းဖြစ်ပြီး အဆိုပါ myME ကို ပြည်ပမှဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာများကလည်း ထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။

myME အစီအစဉ်၌ ဆရာ၊ ဆရာမ အင်အား ၂၀ ခန့်ရှိပြီး ရွေ့လျား ပညာသင်ကြားရေး စနစ်အတွက် မော်တော်ယာဉ် ၄ စီးရှိသည်ဟု သိရသည်။ စတုတ္ထမြောက် မော်တော် ယဉ်ကို Samsung Electronic က ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့မှု၌ Tablet များပါ ပါဝင်သည့်အတွက် ခေတ်မီသည့် သင်ကြားရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း Samsung မှ တာဝန်ရှိသူက ဆိုသည်။