Grand Theft Auto V

see-gta-v-remastered-in-action-attack-of-the-fanboy-.jpg

PC မှာ ထွက်ဖို့အတွက် လပေါင်းများစွာ အကြိမ်ကြိမ် ရက်ရွှေ့ခဲ့တဲ့ Grand Theft Auto V ဟာ ဧပြီလ ၁၄ ရက်မှာတော့ PC Version ထွက်ရှိလာပါပြီ။ Rockstar Games အနေနဲ့ကလည်း console မှာ အရင်
ထွက်ပြီး ဂိမ်းတွေ PC မှာ ပြန်ထွက်တဲ့အခါ Port Quality ကျဆင်းတာမျိုးကို လုံးဝအဖြစ်မခံဘဲနဲ့ အချိန်ပေး ပြင်ဆင်ထားတဲ့အတွက် ထွက်ထားသမျှ GTA V Version တွေထဲမှာ PC Version ကတော့ အကောင်းဆုံးအဖြစ် ရပ်တည်နေနိုင်တာ တွေ့ရမှာပါ။ PS4 နှင့် Xbox One မှာ ထွက်ရှိပြီးဖြစ်တဲ့ Remastered Version ကိုပဲ PC မှာ ပြန်ထွက်တာဆိုပေမယ့် ထုံးစံအတိုင်း System Specs  မြင့်ရင် မြင့်သလို graphics ပိုင်းက အများကြီး ကြည့်ကောင်းလာမှာဖြစ်ပြီး anti-aliasing option, 4K support နှင့်အတူ level editor လိုမျိုး features သစ်တွေလည်း ထပ်မံ ပါဝင်လာပါတယ်။

GTA V ဂိမ်းတွေရဲ့အဓိက game mode ဖြစ်တဲ့ single player campaign မှာတော့ ခေတ်ပေါ် console GTA ဂိမ်းတွေရဲ့ ထုံးစံအတိုင်း Third Person perspective ကနေ ဝင်ရောက်ကစားရမယ့် Open World Action ဂိမ်းဖြစ်ပြီး Southern California ပြည်နယ်ကို အခြေခံပြီး ရေးဆွဲထားတဲ့ San Andreas ပြည်နယ်မှာ ဇာတ်လမ်းဆင်ထားပြီးတော့ Los Angeles မြို့နှင့် ၎င်းရဲ့ ပတ်ဝန်းကျင် နယ်မြေတွေကို မှီငြမ်းထားတဲ့ Los Santos မြို့မှာ ဝင်ရောက် ကစားရမှာပါ။ Remastered Version ရဲ့ features သစ်အဖြစ် First Person viewpoint ကိုလည်း အချိန်မရွေး ပြောင်းနိုင်ပါသေးတယ်။ မြေပုံကို သူ့ထက်ငါ ပိုမိုကြီးမား ကျယ်ပြန့်အောင် ကြိုးစားနေကြတဲ့ Open World ဂိမ်းတွေရဲ့ ထုံးစံအတိုင်းပဲ Rockstar Games ကတော့ GTA V ရဲ့ မြေပုံဟာ GTA IV နှင့် Red Dead Redemption တို့ရဲ့ မြေပုံနှစ်ခုပေါင်းထက် ပိုကြီး မှာဖြစ်သလို in-game activities တွေအနေနဲ့လည်း ထွက်ထားသမျှ Open World ဂိမ်းတွေထက် ပိုစုံရုံသာမက ကစားလို့ ကောင်းအောင်ပါ ပြုလုပ်ထားကြောင်း တွေ့ရမှာပါ။ GTA V ရဲ့ အဖွင့်ကို အရင်ဂိမ်းတွေလို မြို့ပေါ်မှာ မစထားဘဲ ဘဏ်ဓားပြတိုက်မှုတစ်ခုမှာ စတင်ထားပေမယ့်  mission အပြီး  မကြာခင်မှာဘဲ Open World Map အတွင်း ရောက်ရှိသွားတာနဲ့ World Map ရဲ့ ကျယ်ပြန့်မှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Remastered Version မှာမှ ပါလာတဲ့ First Person mode ကလည်း shooting ပိုင်းတင်မကဘဲ driving ပိုင်းတွေမှာပါ ယာဉ် အတွင်းပိုင်းက interface တွေကို မြင်ရလို့ အတော်လေး အသုံးဝင်တာတွေ့ရသလို အရင် ဆော့ပြီးသား သူတွေကလည်း ဂိမ်းအသစ်တစ်ခု ကစားနေရသလို ခံစားရမှာပါ။

GTA V ရဲ့ ဇာတ်လမ်းမှာ အဓိကဇာတ်လိုက် သုံးယောက်နေရာက ဝင်ရောက် ကစားရမှာဖြစ်ပြီး ဒုစရိုက် လောကသားဟောင်း Michael, စရိုက်ကြမ်းတဲ့ Trevor နဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ Franklin တို့နေရာမှ ဝင်ရောက်ကစားရမှာဖြစ်ပြီး သူတို့ကို မြင်မြင်ချင်း အရင် Grand Theft Auto ဇာတ်ကောင်တွေဖြစ်တဲ့ Tommy Vercetti, Claude နဲ့ CJ တို့ကို အမှတ်ရစေမှာ ဖြစ်ပေမယ့် တကယ်တမ်း ကစားကြည့်တဲ့ အခါမှာတော့ ဇာတ်ကောင် စရိုက်နဲ့ ပုံစံကွဲပြားနေတာကို တွေ့ရပါတယ်။ ပုံမှန် character တစ်ယောက်ကို mission တစ်ခုစီခွဲထားတဲ့ ဂိမ်းတွေမှာ မိမိစိတ်ကြိုက် ဇာတ်ကောင်တွေရဲ့ mission တွေကိုသာ အသားပေး ဆော့ဖြစ်မှာ ဆိုပေမယ့် GTA V ရဲ့ campaign မှာတော့ ဇာတ်ကောင် သုံးယောက်နေရာကနေ အချိန်မရွေး စိတ်ကြိုက်ပြောင်းလဲ ဆော့ကစားနိုင်မှာဖြစ်သလို တစ်ယောက်ချင်းဆီရဲ့ ability (driving skill, shooting skill) တွေ ကွဲပြားပြီး mission တူရင်တောင် gameplay ပိုင်း location ပိုင်းတွေ ကွဲပြားသွားမှာ မို့လို့ GTA V ရဲ့ mission တိုင်းနီးပါးက ကစားသူကို GTA IV အစောပိုင်း Mission တွေ တုန်းကလို မအီသွားဘဲနဲ့ ဆက်တိုက်ကစားချင်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ Main Missions တွေဖြစ်တဲ့ ဖောက်ထွင်းရေး Heist Mission တွေကလည်း ပုံစံမျိုးစုံနဲ့ ကစားကောင်းအောင် ဖန်တီးထား တာ တွေ့ရမှာဖြစ်ပြီး နောက်ပိုင်း User Mod တွေမျိုးစုံ ထွက်လာရင်လည်း တော်တော်လေး ပျော်ဖို့ကောင်းမှာ သေချာပါတယ်။

7th Generation (PS3/ Xbox 360) ခေတ်တုန်းကတည်းက ထွက်ထားတာဆိုပေမယ့် သာမန် HD ဂိမ်းတွေ၊ Re-mastered တွေလို မဟုတ်ဘဲ graphics ပိုင်းအဆင့်အများကြီး မြှင့်တင်ထားနိုင်ပြီး OpenWorld ဂိမ်းတွေထဲမှာ graphics ပိုင်း အလွန်ကောင်းမွန်တဲ့ ဂိမ်းတစ်ခုဖြစ်တာ တွေ့ရမှာပါ။ တိုက်ခန်းတွေ၊ တောင်တန်းတွေ၊ ပင်လယ်ပြင်တွေကို မျက်စိတစ်ဆုံး အားပါးတရ မြင်တွေ့နိုင်မှာဖြစ်သလို Remastered Version မှာ အရင်ကထက်ပိုပြီး မြို့အတွင်း ကားတွေ၊ လူတွေပိုများလာသလို တိုက်တွေ ကားတွေရဲ့ screenshot တွေကို အမှတ်တမဲ့ကြည့်ရင် အစစ်နီးပါး ကောင်းမွန်တာကို တွေ့ရမှာပါ။ မိုးရွာတာ တို့၊ လေတိုက်တာတို့ အစရှိတဲ့ reflection effect တွေ  ပိုမိုအသက်ဝင်လာပြီး ကားတွေက အလင်းပြန်တဲ့ reflection effect တွေကလည်း အရင်ကထက် ပိုကြည့်ကောင်းလာတာ တွေ့ရပါတယ်။ Tennis နှင့် Golf လို အားကစားတွေ၊ Yoga လို exercise class တွေနဲ့အတူ အမဲလိုက်၊ ရေငုပ်လို့ရတဲ့ side activities များစွာနှင့် အရင်ဂိမ်းအချို့မှာ မပါဝင်ခဲ့တဲ့ skill bar features တွေကိုလည်း ဇာတ်ကောင် သုံးယောက် စလုံးအတွက် သီးခြားထည့်သွင်းပေးထားတာမို့လို့ main missions ကစားချိန် နာရီ ၄၀ ခန့် ကြာမှာဖြစ်ပေမယ့် side missons တွေ၊ အခြား activities တွေမှာ Rockstar က ထည့်သွင်းထားသမျှ အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ နာရီပေါင်းရာနှင့်ချီပြီး Los Santos မြို့အတွင်း နေထိုင်နိုင်မှာပါ။ ပုံမှန် ကားမောင်းရတဲ့အပိုင်းအပြင် Trevor ရဲ့ pilot skill ကြောင့် လေယာဉ်မောင်းရတဲ့ အခန်းတွေလည်း ပိုမို ပါဝင်လာသလို shooting gameplay ကလည်း အရင် GTA ဂိမ်းတွေ ကထက် ပိုကောင်းလာတာ တွေ့ရပါတယ်။

Rockstar Games ရဲ့ GTA V ဟာ PC Version အတွက် သေချာပေါက် စောင့်ရကျိုးနပ်တဲ့ ဂိမ်းဖြစ်သလို Action ဂိမ်း ပရိသတ်တွေကြားထဲမှာ နှစ် ပေါင်းများစွာ နာမည်ကြီးအောင်မြင်ဦးမယ့်ဂိမ်းသစ် တစ်ခု ဖြစ်မှာသေချာနေပါတယ်။ Rockstar Games အနေနဲ့ GTA IV တုန်းကလို Standalone Story expansion တွေ GTA V မှာ ဆက်ထုတ်ဦးမလား Online add-ons တွေကိုပဲ အရင်ဦးစားပေးပြီး ထုတ်ဦးမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။