e School Software ကို မေလ အတွင်း မိတ်ဆက်မည်

header1.jpg

စာသင်ကျောင်းများအတွက် လိုအပ်သော စီမံခန့်ခွဲမှုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော မှတ်တမ်းများကို နည်းပညာဖြင့် အစားထိုး လုပ်ကိုင် ဆောင်ရွက်နိုင်မည့် e School Software ကို မေလအတွင်း မိတ်ဆက်ပေသွားမည်ဟု RoNetz မှ သိရသည်။

“အရင်က Web Base ကို အခြေခံတဲ့ နည်းပညာတွေကို ရန်ကုန်က ကိုယ်ပိုင်အထက်တန်းကျောင်း ၆ ကျောင်းလောက်ကို ရောင်းထားဖူးပါတယ်။ အခု မိတ်ဆက်ပေးမှာက Cloud Server အနေနဲ့ Software Service ကို မိတ်ဆက်ပေးမှာပါ” ဟု RoNetz မှ CEO ဖြစ်သူ ကိုဘုန်းပြည့်ဦးက ပြောသည်။

အဆိုပါ Software အသုံးပြုခကို စာသင်ကျောင်းများနှင့် ညှိနှိုင်း၍ လစဉ်ကြေးအနေဖြင့် ငွေကြေး ကောက်ခံသွားမည်ဟုလည်း ကိုဘုန်းပြည့်ဦးကဆိုသည်။

“အခုဆို ရင် Mobile App အနေနဲ့လည်း ထွက်လာပါမယ်။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ကျောင်းခေါ်ချိန်တွေ၊ ပညာရေးတိုးတက်မှု မှတ်တမ်းတွေ စတာတွေ အပြင် ကျောင်းက ထုတ်ပြန်ပေးတဲ့ သတင်းအချက်အလက်တွေကိုပါ မိုဘိုင်းဖုန်းပေါ်ကနေ လက်ခံရရှိနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ Mobile App ကို RoNetz နှင့် လက်တွဲထားသော စာသင်ကျောင်းများရှိ ကျောင်းသား မိခင်များအတွက် တစ်နှစ်စာကို ငွေကျပ် ၁,၅၀၀ ဖြင့် ထည့်သွင်းပေးသွား မည်ဟု သိရသည်။ Username နှင့် Password ကို အသုံးပြု၍ မိမိ၏ ကျောင်းသားနှင့် သက်ဆိုင်သော အသင်းအချက်အလက်များကို အွန်လိုင်းမှတစ်ဆင့် ရရှိနိုင်မည်ဟု သိရသည်။

e School Software ၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ အချက်အလက်များကို သိမ်းဆည်းထားနိုင်သည့်အပြင် စာသင်ချိန်ဇယားများ၊ စာပေးပွဲ အချိန်ဇယားများကိုလည်း ရေးဆွဲနိုင်သည်ဟု သိရသည်။ ထို့အပြင် ကျောင်းခေါ်ချိန်မှတ်တမ်းများ၊ အမှတ်စာရင်းများ၊ ဘက်စုံအရည်အချင်းများအပြင် အခြားသော အသေးစိတ် လုပ်ဆောင်ချက်များကိုလည်း လုပ်ကိုင်နိုင်မည်ဟု သိရသည်။

e School အသုံးပြုမှုအတွက် ကုန်ကျစရိတ် အတိအကျကို မသိရသေးသော်လည်း အဆိုပါ Software အသုံးပြုခြင်းအားဖြင့် အချက်အလက်များကို စနစ်တကျ စီမံ ခန့်ခွဲနိုင်မည့် အပြင် လိုအပ်သော အချက်အလက်များကို ပြန်လည် ရှာဖွေသည့်အခါ၌လည်း အလျင်အမြန် ရရှိနိုင်မည်ဟု သိရသည်။