Siri ကဲ့သို့ digital assistant Echo ထုတ်ကုန်ကို Amazon မိတ်ဆက်

Amazon-Echo.jpg

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Amazon သည်မိုဘိုင်း app နှင့်အတူ အသုံးပြုနိုင်ပြီး Alexa ဟုအမည်ရသည့် စကားလုံးကို အသုံးပြု၍ activate ပြုလုပ်ရသော Echo ကိုမိတ်ဆက် ပြသခဲ့သည်။ ၎င်း digital assistant များသည် Apple ၏ Siri, Microsoft ၏ Cortana သို့မဟုတ် Google ၏ Google Now တို့နှင့်ဆင်တူသည်။

Amazon ၏ Echo သည် မေးခွန်းများ မေးမြန်းသည့်အခါ  ဝက်ဘ်ဆိုက်၏ အကူအညီကိုရယူပြီး အချိန်များ ဖြေကြားခြင်း သို့မဟုတ် ရာသီဥတုကို စောင့်ကြည့်ပေးခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့အပြင် Echo နှင့်ပါဝင်သည့် မိုဘိုင်း app ပေါ်တွင် ဝယ်ယူရမည့် ပစ္စည်းစာရင်း များကိုလည်း ထည့်သွင်းပေးထား နိုင်သည်။ ကုမ္ပဏီအနေဖြင့် နေ့စဉ်ဘဝများကို လွယ်ကူမှု ရှိလာစေရန် ပြုလုပ်ပေးနေကြောင်း၊ သုံးစွဲသူများအနေဖြင့် တစ်စုံတစ်ခုကို မေးမြန်းလိုခြင်း သို့မဟုတ် လုပ်ကိုင်လိုသည့် အချိန်တွင် Echo သည် အသုံးဝင်လာမည် ဖြစ်ကြောင်း Amazon ပြောရေးဆိုခွင့် ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။  Echo  သည် Amazon အတွက် အားထုတ်မှု အမြင့်ဆုံးနှင့် ဈေးနှုန်းကြီးမားပြီး ရည်မှန်းချက်ကြီးမားသော ထုတ်ကုန်တစ်ခု ဖြစ်သည်။ Echo သည်အခြား digital assistant များနှင့်မတူညီဘဲ hardware အစိတ်အပိုင်း တစ်ခုအဖြစ် တည်ရှိပြီး မိုဘိုင်းထုတ်ကုန် အတွင်းမှ အသုံးပြုရသော software ပုံစံတစ်ခုမဟုတ်ပေ။

၎င်းထုတ်ကုန်တွင် built in စပီကာ ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် သီချင်းများကို နားထောင်နိုင်မည် ဖြစ်ကြောင်း Amazon မှပြောကြားခဲ့သည်။ Echo ထုတ်ကုန်ကို ကြိုတင်စာရင်း ပေးသွင်းထားသူများကိုသာ ဒေါ်လာ ၁၉၉ ဖြင့် ရောင်းချသွားမည်ဖြစ်သော်လည်း Prime အဖွဲ့ဝင်များကိုမူ ဒေါ်လာ ၉၉ ဖြင့် ရောင်းချသွားမည် ဖြစ်သည်။

-စိုးထက်
Ref : CNET