လက်ကောက်ဝတ်တွင် တက်တူးထိုးထားသူ အချို့၌ Apple Watch ပုံမှန် အလုပ်လုပ်နိုင်ခြင်း မရှိဟုဆို

11140240_10152877888922825_2611880141961386836_n.jpg

Apple Watch စမတ်နာရီကို လက်ကောက်ဝတ်အထိ တက်တူးထိုးထားသော လက်တွင် ဝတ်ဆင်သည့်အခါ notification များ လက်ခံရရှိခြင်း မရှိသလို ထုတ်ကုန်မှာလည်း အမြဲလိုလို lock ကျသွားကြောင်း သုံးစွဲသူတစ်ဦးက Reddit post တစ်ခုတွင် ဖော်ပြခဲ့သည်။

၎င်းသည် Apple သို့ ဆက်သွယ်ခြင်း မပြုမီ တက်တူးမရှိသည့် လက်၌ စမ်းသပ်ဝတ်ဆင်ရာ Apple Watch က ပုံမှန်အတိုင်း အလုပ်လုပ်ခဲ့ကြောင်း ဆိုသည်။

Apple Watch စမတ်နာရီ ကျောဘက်ရှိ light sensor များသည် photoplethysmography ဟုခေါ်သည့် နည်းလမ်းမှတစ်ဆင့် နှလုံးခုန်နှုန်းကို ခြေရာခံနိုင်သည်။ ၎င်းနည်းပညာသည် အနီအောက်ရောင်ခြည်နှင့် အစိမ်းရောင် LED မီးသီးများမှတစ်ဆင့် သွေးစီးဆင်းမှုကို ခြေရာခံပြီး မိနစ်တိုင်းတွင် နှလုံးခုန်သည့် အကြိမ်အရေအတွက်ကို တွက်ချက်ပေးမည် ဖြစ်သည်။

အဆိုပါ ပြဿနာနှင့် ပတ်သက်၍ YouTube ပေါ်တွင် ဗီဒီယိုတင်ခဲ့သည့် Apple Watch သုံးစွဲသူ မိုက်ကယ်လိုဗယ်က “workout app က အိမ်အပြင်ဘက်မှာ လမ်းလျှောက်တဲ့အခါ ဒါမှမဟုတ် ပြေးတဲ့အခါမှာ ခဏခဏရပ်သွားပါတယ်။ Apple support ကို ဆက်သွယ်တဲ့အခါမှာ sensor က အရေပြားနဲ့ မထိတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်” ဟု ၎င်း၏ YouTube စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

၎င်းပြဿနာအတွက် wrist detection feature ကို ပိတ်ကာ ဖြေရှင်းနိုင်မည် ဖြစ်သော်လည်း Apple Pay သုံးစွဲရာတွင် အခက်ကြုံနိုင်သည်။ အဆိုပါ feature ကို ပိတ်လိုက်သည့်အခါ Apple Watch တွင် မည်သည့် ပြဿနာမှ မရှိဘဲ notification များကို လက်ခံရရှိခဲ့ကြောင်း သုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။

အထက်ပါ ဖြစ်ရပ်များအတွက် Apple က ထင်မြင်ချက် တစ်စုံတစ်ရာ ပေးခဲ့ခြင်း မရှိပေ။

Ref: AppleInsider