လက်ကောက်ဝတ်ဒဏ်ရာကြောင့် နာမည်ကျော် ဂိမ်မာတစ်ဦး အနားယူ

10996072_10152876123727825_8061469644473213308_n.jpg

နာမည်ကျော် ဂိမ်မာတစ်ဦးဖြစ်သူ ဟိုင်လန်သည် လက်ကောက်ဝတ် ဒဏ်ရာကြောင့် eSports လောကမှ အနားယူသွားခဲ့ကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဟိုင်လန်သည် Cloud9 အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ၎င်းအဖွဲ့သည် အွန်လိုင်း multiplayer ဂိမ်းတစ်ခုဖြစ်သော League of Legends အတွက် အမေရိကန် eSports အသင်းများအနက် အကောင်းဆုံး တစ်သင်းဖြစ်သည်။

“ကျွန်တော်ရဲ့ လက်ကောက်ဝတ် ဒဏ်ရာက လျစ်လျူမရှုနိုင်တဲ့ အရာပါ။ ဒီဒဏ်ရာက ဂိမ်းကစားတဲ့အခါမှာ လိုအပ်တဲ့ စွမ်းဆောင်ရည်ကို အကန့်အသတ် ဖြစ်စေသလို စွမ်းဆောင်ရည် ပိုကောင်းလာဖို့အတွက်လည်း အတားအဆီး ဖြစ်စေပါတယ်။ အသင်းဖော်တွေနဲ့ ကစားတဲ့ Solo Queue ဂိမ်းကိုလည်း ဆက်မကစားနိုင်တာကြောင့် အသင်းဖော်တွေ အတွက် မမျှတဘူးလို့ ခံစားမိပါတယ်။ လက်ကောက် ဝတ်ဒဏ်ရာကြောင့် အသင်းနဲ့ လမ်းခွဲတာက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု လန်က Cloud9 အဖွဲ့၏ blog တွင် ရေးသားခဲ့သည်။

လန်၏ လက်ကောက်ဝတ်ဒဏ်ရာသည် ပြီးခဲ့သည့်လကတည်းက ၎င်းကို စိတ်အနှောင့်အယှက်များစွာ ဖြစ်ပေါ်စေကြောင်း Daily Dot မှ ဖော်ပြခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်လည်း လန်သည် အဆုတ်ရောဂါ ဝေဒနာ ခံစားခဲ့ရသည်။

လက်ကောက်ဝတ်ဒဏ်ရာသည် ကွန်ပျူတာဖြင့် အလုပ်လုပ်သူများနှင့် အွန်လိုင်းဂိမ်းကစားသူအများစုတွင် ဖြစ်ပေါ်နေလျက်ရှိသည်။

ယခုအခါတွင် ဟိုင်လန်သည် Cloud9 အဖွဲ့တွင် ဂိမ်းနည်းပညာဆိုင်ရာ အရာရှိချုပ်ရာထူးကို ရယူပြီး ရုံးလုပ်ငန်းကိစ္စရပ်များကိုသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Ref: CNET