Apple Watch စမတ်နာရီကို နွေဦးကာလ မတိုင်မီအထိ ရောင်းချဖွယ် မရှိဟုဆို

Apple-watch-dm.jpg

Apple လက်လီစတိုးနှင့် အွန်လိုင်းစတိုး၏ စီနီယာဒုဥက္ကဋ္ဌဖြစ်သူ အိန်ဂျယ်လာအာရန်း၏ ကုမ္ပဏီဝန်ထမ်းများထံ ပေးပို့ခဲ့သော ဗီဒီယိုမက်ဆေ့ခ်ျတွင် ဖော်ပြထားချက်အရ Apple Watch စမတ်နာရီကို နွေဦးကာလ မတိုင်မီအထိ ရောင်းချဖွယ် မရှိကြောင်း သိရသည်။

အဆိုပါ ဗီဒီယို မက်ဆေ့ခ်ျတွင် အာရန်းက ကုမ္ပဏီအနေဖြင့် အားလပ်ရက်များနှင့် တရုတ်နှစ်သစ်ကူး အလွန် နွေဦးကာလမှသာ စမတ်နာရီသစ်ကို မိတ်ဆက်ပေးမည်ဟု ဆိုခဲ့သည်။

Apple သည် စမတ်နာရီသစ်ကို မိတ်ဆက်ခဲ့စဉ်က ၂၀၁၅ ခုနှစ် အစောပိုင်းကာလတွင် ရောင်းချမည်ဟု ဆိုခဲ့သည်။ ထို့နောက် Apple အနေဖြင့်  ချစ်သူများနေ့အမီ စမတ်နာရီသစ်ကို ရောင်းချဖွယ် ရှိကြောင်း ခန့်မှန်းသတင်းများ ထွက်ပေါ်လာခဲ့သည်။

တရုတ်နှစ်သစ်ကူးသည် ဖေဖော်ဝါရီလ ၁၉ ရက်တွင် စတင်မည်ဖြစ်ပြီး နွေဦးကာလမှာ မတ်လ ၂၀ ရက်တွင် စတင်မည်ဖြစ်သည်။ ထို့ကြောင့် အာရန်း၏ ဗီဒီယိုမက်ဆေ့ခ်ျတွင် ပြောကြားချက်အရ Apple Watch ကို မတ်လကုန်ပိုင်းမှသာ ရောင်းချဖွယ် ရှိနေသည်။

Apple အနေဖြင့် စမတ်နာရီ ရောင်းချမှု ကြန့်ကြာနေချိန်တွင် ပြိုင်ဘက်များမှာ ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များကို မိတ်ဆက်ပေးခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က Microsoft သည် Microsoft Band ဟူသော ဝတ်ဆင်နိုင်သည့် ထုတ်ကုန်တစ်မျိုးကို မိတ်ဆက်ကြေညာခဲ့သည်။ Apple Watch တွင် စမတ်နာရီနှင့် ကျန်းမာရေးခြေရာခံ စက်တို့ကို ပေါင်းစပ်ထားသော်လည်း ကျန်းမာရေး ခြေရာခံစက်အနေဖြင့် ရည်ရွယ်ထုတ်လုပ်ထားသည့် Microsoft ၏ ထုတ်ကုန်သည် စမတ်ဖုန်းနှင့် ချိတ်ဆက်ကာ ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်နှင့် မက်ဆေ့ခ်ျများနှင့် notification များကို သတိပေး ဖော်ပြမည်ဖြစ်သည်။

Microsoft Band ကို ဒေါ်လာ၂၀၀ ဖြင့် ရောင်းချမည် ဖြစ်သော်လည်း Apple Watch ကို ဝယ်ယူသူများ အနေဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၄၉ ကျသင့်မည် ဖြစ်သည်။ Microsoft Band ကို iOS, Android နှင့် Windows Phone ထုတ်ကုန်များဖြင့် တွဲဖက်အသုံးပြု နိုင်သောကြောင့် iOS ဖြင့်သာသုံးနိုင်မည့် Apple Watch ထက် လူကြိုက်များနိုင်မည့် အလားအလာကို ပိုင်ဆိုင်ထားသည်။

ထို့အပြင် Microsoft Band ကိုလက်ရှိတွင် ဝယ်ယူရရှိနိုင်သောကြောင့် အားလပ်ရက် ဈေးဝယ်ရာသီအတွင်း ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ကို ရှာဖွေနေသူများအတွက် ရွေးချယ်စရာ တစ်ခု ဖြစ်လာခဲ့သည်။

-နောင်နောင်
(Ref : CNET)