Messenger ကိုသီးသန့် download ပြုလုပ်ရခြင်း ကိစ္စကို Facebook အမှုဆောင် အရာရှိချုပ် ရှင်းလင်း

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Facebook အမှုဆောင် အရာရှိချုပ် မာ့ခ်ဇူကာဘတ်က အဓိက Facebook app မှ messaging ကိုဖယ်ရှားခဲ့ခြင်းမှာ သုံးစွဲသူများကို သီးသန့်  messaging  app  အတွေ့အကြုံကို ခံစားစေလို၍ ဖြစ်ကြောင်း ပရိသတ်များနှင့် အမေးအဖြေ ပြုလုပ်သည့် ကဏ္ဍတွင် ပြောကြားခဲ့သည်။

Facebook အဖွဲ့အနေဖြင့် အခြား messaging app များကို လေ့လာသည့်အခါ ၎င်းတို့သည် သီးသန့် messaging app ကိုအာရုံစိုက်၍ လုပ်ကိုင်နေခြင်းကို တွေ့ရှိခဲ့ကြောင်း ဇူကာဘတ်က ရှင်းလင်းခဲ့သည်။ Facebook သည် အဓိက app အတွင်း message တစ်စောင်ပေးပို့ရာတွင် အဆင့်များစွာ ပါဝင်ရပြီး NewsFeed တစ်ခုအတွင်း လုပ်ဆောင်မှု များစွာရှိနေသည်။ ထို့ကြောင့် Facebook အနေဖြင့် လုပ်ဆောင်ချက်များကို လျှော့ချရန် Messenger ကိုသီးသန့် download ပြုလုပ်စေခြင်း ဖြစ်ပုံရကြောင်းသိရသည်။ Messaging ပြုလုပ်မှုသည် လူမှုရေးမီဒီယာ အသုံးပြုခြင်းထက် လူများစွာ လုပ်ဆောင်သည့် အရာများအနက် တစ်ခုဖြစ်သည်။ နိုင်ငံအနည်းငယ် အတွင်းရှိ ၈၅ ရာခိုင်နှုန်း လူများသည် Facebook ကိုအသုံးပြု နေကြပြီး ၉၅ ရာခိုင်နှုန်းသော လူများသည် SMS သို့မဟုတ် messaging app များကို အသုံးပြု နေကြကြောင်း သိရသည်။

Facebook ၏အမှုဆောင် အရာရှိချုပ် ဇူကာဘတ်က ကုမ္ပဏီရှိ အရည်အချင်းရှိ ဝန်ထမ်းများသည် သုံးစွဲသူများ၏ ယုံကြည်မှုကို ရရှိအောင် လုပ်ကိုင်နေပြီး သီးသန့် Messenger app အတွေ့အကြုံ ကောင်းများကို သက်သေပြလျက် ရှိနေကြကြောင်း ပြောကြားသွားခဲ့သည်။   

-Ref: Macrumors