Basic GIS နည်းစနစ်များကို အစိုးရဝန်ကြီးဌာနများသို့ အခမဲ့ အသုံးပြုခွင့်ပေး

TiG-TUC.jpg

နေပြည်တော်တွင်အခြေစိုက်ထားသော MCC Group GIS Portal မှ Basic GIS နည်းစနစ်များကို အစိုးရဝန်ကြီးဌာနများသို့ အခမဲ့ အသုံးပြုခွင့်ပေးထားပြီး နောက်ပိုင်း တွင်လည်း ဦးစီးဌာနအဆင့်များသို့ပါ အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း MCC မှ တာဝန်ရှိသူများကပြောသည်။

MCC GIS Portal သည် နေပြည်တော်တွင်အခြေစိုက်ပြီး GIS Portal သို့ဝင်ရောက်သုံးစွဲသူများ၏ သက်ဆိုင်ရာလုပ်ငန်းများကို ကုန်ကျစရိတ် သက်သက်သာသာဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ် တည်ဆောက်ထားခြင်းဖြစ်သည်ဟု သိရသည်။

မြေပုံများကို သာမန်ရှာဖွေ ကြည့်ရုံသုံးစွဲခြင်းသာမက မိမိတို့လုပ်ကိုင်နေသော လုပ်ငန်းများကို GIS နည်းပညာအသုံးပြုပြီး ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်သည်အထိ ဝန်ဆောင်မှုပေးမည့် Portal ဖြစ်ကြောင်းသိရသည်။

“Basic GIS Feature တွေကို ဝန်ကြီးဌာနတွေအတွက် အခမဲ့ ပေးသုံးထားတာဖြစ်ပါတယ်။ ကိုယ့်ဌာနအတွက်ကိုက်ညီမယ့်  Project တွေ၊ Layer, Application  တွေ စွမ်းဆောင်မှုတွေစတဲ့ မိမိလိုအပ်တဲ့ အချက်အလက်တွေကို ထပ်ပြီး အသုံးပြုလိုတယ်ဆိုရင်သာ အခကြေးငွေနဲ့ပေးဆောင်ရမှာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ဝန်ကြီးဌာနအဆင့်တွေကိုသာ ဒီလို အခမဲ့ပေးနေပေမယ့် နောက်ပိုင်းမှာ ဦးစီးဌာနအဆင့်တွေကိုပါ လုပ်ဆောင်ပေးတော့မှာပါ” ဟု Chief Operating Officer ဦးမင်းထွဋ်ဦးက ဆိုသည်။

GIS (Geographic  Information System) ဆိုသည်မှာ ပထဝီ မြေပြင်သတင်းအချက်အလက် စနစ်ဖြစ်ပြီး GIS ကိုမြေပုံစနစ်ဟု သာမန်နားလည်မှုမျိုးဖြင့် အသိများ ကြသော်လည်း အမှန်တကယ်တွင်  ယင်းထက်ပိုမိုကျယ်ပြန့်သော သတင်းအချက်အလက်စနစ် တစ်ခုဖြစ်ကြောင်း၊ သာမန်အားဖြင့် ပထဝီမြေပုံပေါ် အခြေခံထားသည့် စနစ်တစ်ခုဖြစ်သော်လည်း အများနားလည်ထားသော ပုံသေမြေပုံမဟုတ်ကြောင်း၊ မြေပုံကိုသတင်း အချက်အလက်စနစ်နှင့် ချိတ်ဆက်ထား ပြီး 2D သာမက 3D ရုပ်ကြွဖော်ပေးနိုင်သည် အထိ အမျိုးမျိုးသောအခြေအနေများအတွက် Simulation လုပ်နိုင်သောကွန်ပျူ တာ အသုံးပြုပုံရှင်မြေပုံ (Computer Based Dynamic Map) ဟုခေါ်ဆိုနိုင်ကြောင်း သိရသည်။

အဆိုပါစနစ်နှင့် ပတ်သက်၍ သိရှိလိုသောဌာနများအနေဖြင့် MCC GIS Portal ၀၆၇-၄၂၁၁၉၈  နှင့်  ၀၉၃၀၀၀၀၀၂၇  သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။