နီပေါငလျင်အပြီး ဧဝရတ်တောင် ဆီးနှင်းပြိုကျမှုကြောင့် Google အင်ဂျင်နီယာ တစ်ဦးသေဆုံး

11178222_10152873498562825_7888515095280539997_n.jpg

နီပေါနိုင်ငံတွင် အလွန်အင်အားပြင်းသည့် ငလျင်လှုပ်ခတ်မှုကြောင့် ဧဝရတ်တောင် ဆီးနှင်းများပြိုကျခဲ့ရာ Google ၏ Project X ဌာနမှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဒန်ဖရီဒင်ဘတ်ခ်ျ ပါဝင်သည့် တောင်တက်သမား တစ်ဒါဇင်ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ဒန်ဖရီဒင်ဘတ်ခ်ျနှင့် တောင်တက်သမား ၁၇ ဦးသည် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ပေါ်တွင် စခန်းချနေစဉ် ပြင်းအား ၇.၈ မဂ္ဂနီကျုရှိသော မြေငလျင်လှုပ်ခတ်ကာ ဆီးနှင်းထုများ ပြိုကျမှုကြောင့် သေဆုံးသွားခဲ့သည်။ ဖရီဒင်ဘတ်ခ်ျ၏ သေဆုံးမှုကို ၎င်း၏ Instagram တွင် ညီမဖြစ်သူက စာရေးသား၍ ထုတ်ပြန်သွားခဲ့သည်။

“အခုပြောနေတာ သူ့(ဖရီဒင်ဘတ်ခ်ျ) ရဲ့ညီမအငယ်ဆုံး မီဂန်ပါ။ အားလုံးကို အသိပေးချင်တာက ဒီနေ့မနက်အစောပိုင်း ဧဝရတ်တောင် ဆီးနှင်းပြိုကျမှုမှာ ဒန်က အကြီးစား ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး ဆုံးပါးသွားပါပြီ” ဟု ၎င်း၏ ညီမဖြစ်သူက ရေးသားခဲ့သည်။

ဖရီဒင်ဘတ်ခ်ျ၏ သေဆုံးမှုကို Google က အတည်ပြုခဲ့ပြီး ကုမ္ပဏီ၏အခြား ဝန်ထမ်းသုံးဦးမှာလည်း ဆီးနှင်း ပြိုကျချိန်တွင် ဖရီဒင်ဘတ်ခ်ျနှင့်အတူ ရှိနေခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ တောင်တန်းများ၏ မြင်ကွင်းများကို ရိုက်ကူးမှုပြုလုပ်နေသည့် သီးသန့်အဖွဲ့အစည်း၌ သက်တမ်းရှည်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒန်ဖရီဒင်ဘတ်ခ်ျသည် ဧဝရတ်တောင်တက်ရာတွင် အခြား Google ဝန်ထမ်း ၃ ဦးနှင့်အတူ နီပေါ၌ရှိနေခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ဖရီဒင်ဘတ်ခ်ျ ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်း၊ အခြား Google ဝန်ထမ်း ၃ ဦးမှာလည်း လုံခြုံစွာရှိပြီး ကုမ္ပဏီအနေဖြင့် အဆိုပါ ဝန်ထမ်းများကို အိမ်သို့ အမြန်ဆုံးရောက်ရှိစေရန် ကြိုးစားလျက်ရှိကြောင်း Google X ဒါရိုက်တာ လောရင့်စ်ယူက blog post တွင်ရေးသားခဲ့သည်။

ဖရီဒင်ဘတ်ခ်ျသည် Google ဝန်ထမ်းအဖြစ် ၂၀၀၇ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့ပြီး ၎င်းလုပ်ကိုင်ခဲ့သည့် ဌာနမှာ ကုမ္ပဏီ၏ လျှို့ဝှက်သုတေသနဌာနဖြစ်သော Google X အတွက် လျှို့ဝှက်လုပ်ငန်းများကို လုပ်ဆောင်ပေးရကြောင်း LinkedIn တွင် ဖော်ပြထားသည်။ ထို့အပြင် ဒန်ဖရီဒင်ဘတ်ခ်ျသည် Google ၏ အလိုအလျောက် မောင်းနှင်သည့်ကားနှင့် Project Loon ကဲ့သို့သော စီမံကိန်းများတွင်လည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့သည်။

၎င်း၏ LinkedIn ကိုယ်ရေးအကျဉ်းတွင် Google မှ စွန့်စားသူဟု ဖော်ပြထားသည့် ဖရီဒင်ဘတ်ခ်ျသည် Google ၏ Street View ရိုက်ကူးမှုတွင်လည်း ပါဝင်ခဲ့သလို ဧဝရတ်တောင်တစ်ဝိုက်ရှိ ကူမိုဒေသ၏ ပတ်ဝန်းကျင် ဓာတ်ပုံများ ရိုက်ကူးမှုအတွက် နီပေါသို့ စူးစမ်းလေ့လာရေးခရီးအဖြစ် သွားခဲ့ကြခြင်း ဖြစ်သည်။ ဖရီဒင်ဘတ်ခ်ျ သည် Google မှ စုဆောင်းလျက်ရှိသည့် eye level ဓာတ်ပုံများ ရိုက်ကူးရန်အတွက် ဧဝရတ်တောင်၊ ကီလီမန်ဂျာရိုတောင်၊ အာကွန်ကာဂွာတောင်နှင့် အယ်ဘရတ်တောင်များ၏ ဓာတ်ပုံများရိုက်ကူးရန် ကမ္ဘာပေါ်ရှိ ဝေးလံအခေါင်ဖျားဆုံး ဒေသအချို့သို့ လေ့လာရေးအဖွဲ့များကို ဦးဆောင်၍ သွားရောက်ခဲ့ဖူးသည်။

“တောင်တစ်ခုပေါ်မှာ မတ်တတ်ရပ်နေရတာလောက် ကောင်းတဲ့ ခံစားမှုမျိုး မရှိပါဘူး။ Google Map တွေက သင့်ကို အဲ့လိုတောင်ထိပ်တွေရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ အဲဒီမြင်ကွင်းမျိုးတွေကို ဆီးနှင်းပြိုကျမှုတွေ၊ ကျောက်တုံးပြိုကျမှုတွေ၊ ရေခဲပြင်အက်ကွဲမှုတွေ၊ ပင်လယ်ရေမျက်နှာပြင်အထက်က အန္တရာယ်တွေနဲ့ တောင်တက်သမားတွေရင်ဆိုင်ရမယ့် ရာသီဥတုဒဏ်တွေ အားလုံးကို ရင်ဆိုင်စရာမလိုဘဲ ကြည့်ရူနိုင်မှာပါ” ဟု ဖရီဒင်ဘတ်ခ်ျက ၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီ၏ blog post ၌ ရေးသားခဲ့သည်။

Ref: CNET