e Government Portal ကို လေးလအတွင်း အကောင်အထည် ဖော်ဆောင်မည်

Update-News_5.jpg

အသစ်ထွက်ရှိလာမည့် e Government Master Plan အရ e Government Portal တစ်ခုကို အကောင်အထည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန် ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။ နိုင်ငံတော်အဆင့် eGovernment Portal တစ်ခုဖြစ်ပြီး ဝန်ကြီး ဌာနအားလုံး၏ လုပ်ငန်းစဉ်များကို အဆိုပါ Portal မှ တစ်ဆင့် လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Web Portal ကို အွန်လိုင်းပေါ်၌ တင်ဆောင်နိုင်ရန် အချိန် လေးလ သတ်မှတ်ထားကြောင်း သတ်မှတ် ကာလအတွင်း အဆိုပါ Web Portal ကို လွှင့်တင်ပေးနိုင်
မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။ Portal ရေးဆွဲရန် အတွက် မြန်မာကုမ္ပဏီတစ်ခုကို အကြံပေး အဖွဲ့များနှင့် အတူ စနစ်တကျ ရွေးချယ်ထားကြောင်း၊ အဆိုပါ ကုမ္ပဏီ ၏ အမည်ကို ထုတ်ဖော် မပြောဆိုလိုကြောင်း ဦးသန်းထွန်းအောင်က ပြောသည်။ ကမ္ဘာ့ဘဏ်၏ ပရောဂျက် အနေဖြင့် အဆိုပါ Web Portal ကို အကောင်အထည်
ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံတော် အဆင့် e Government Web Portal သည် ဌာနဆိုင်ရာ အားလုံး၏ သတင်း အချက်အလက်များကို စုစည်းတင်ပြပေးမည့်အပြင် ၎င်းတို့၏ ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း အွန်လိုင်း စနစ်ဖြင့် ချိတ်ဆက်၍ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရန် အကူအညီများ ပေးအပ်သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် e Government Portal ကို ပထမဦးဆုံး အကောင်အထည် ဖော်ဆောင်ခြင်း ဖြစ်ပြီး ယခင်က သတင်း အချက်အလက်နှင့် ပတ်သက်၍ ရတနာပုံတယ်လီပို့မှ Portal တစ်ခုကို တည်ဆောက်ခဲ့ဖူးကြောင်း သိရသည်။

eGovernment နှင့် ပတ်သက်သော Web Portal ကို ထည်ဆောက်ခြင်းအားဖြင့် အစိုးရနှင့် ပြည်သူ အကြားထိ တွေ့ဆက်ဆံရသည့် လုပ်ငန်းဆောင်တာများ၌ လွယ်ကူ အဆင်ပြေလာမည်ဟုလည်း သက်ဆိုင်ရာဝန်ကြီး ဌာနက ပြောဆိုထားသည်။ e Government Master Plan ကို ဧပြီလကုန်၌ ထုတ်ပြန် ကြေညာနိုင်ရန် စီစဉ်ထားပြီး လက်ရှိ အချိန်၌ မူကြမ်းအဆင့်ကို Asian Development Bank နှင့် ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။