Apple Watch store မှ app ၃,၀၀၀ ကျော် ရယူအသုံးပြုနိုင်မည်

20430_10152867292327825_8884081940744898524_n.jpg

Apple Watch ကို အသုံးပြုသူများသည် ၎င်းတို့၏ စမတ်နာရီအတွက် Apple Watch store မှ app အရေအတွက် ၃,၀၀၀ ကျော်ကို ရယူအသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Apple Watch အတွက် App Store ကို ကြာသပတေးနေ့က စတင် အသုံးပြုခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး လာမည့်နှစ်တွင် app အရေအတွက် တစ်သိန်းကျော် ရှိလာလိမ့်မည်ဟု App store လေ့လာဆန်းစစ်ရေး ကုမ္ပဏီ appFigures မှ ဆိုခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်ကတည်းက စမတ်နာရီများကို ရောင်းချခဲ့သည့် Samsung ၏ Gear wearables app store တွင် app အရေအတွက် ၃,၀၀၀ ခန့်သာ ရှိသည်။

Apple Watch App Store တွင် မိသားစု၊ ခရီးသွား၊ ကျန်းမာရေး၊ အလုပ်နှင့် ဆက်သွယ်ရေး အပါအဝင် app အသစ်အဆန်းအချို့ကို ထောက်ပံ့ပေးထားသည်။

Apple Watch App Store ကို သုံးစွဲလိုသူများသည် iOS 8.2 update တွင် ပါဝင်သည့် Apple Watch app မှတစ်ဆင့် အသုံးပြုနိုင်မည် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပတ်က ကြိုတင်မှာယူမှု လက်ခံခဲ့သည့် Apple Watch ကို သောကြာနေ့က ဈေးကွက်ထံ တင်ပို့ရောင်းချခဲ့သည်။ အဆိုပါ စမတ်နာရီကို အမေရိကန်ဒေါ်လာ ၃၄၉ (aluminum Apple Watch Sport) မှ အမေရိကန်ဒေါ်လာ ၁၇,၀၀၀ (18-karat gold Apple Watch Edition) အထိ ကွဲပြားခြားနားသည့် အမျိုးအစားများဖြင့် ရရှိနိုင်သည်။ Apple Watch ကို အသုံးပြုရန် iPhone 5 နှင့်အထက် ထုတ်ကုန်ရှိရန် လိုအပ်သည်။

Apple ၏ iPad tablet နှင့် iPhone သည် third-party software developer များ၏ အကူအညီကြောင့် နာမည်ကျော်ကြားလာခြင်း ဖြစ်ပြီး အဆိုပါ မိုဘိုင်းထုတ်ကုန်များအတွက် developer များမှ ဖန်တီးထားသည့် app အရေအတွက်မှာ ၁ သန်းကျော်ရှိလာပြီ ဖြစ်သည်။ App Store ကို စတင်မိတ်ဆက်ပေးခဲ့ပြီးနောက် developer များ၏ app များနှင့် ဂိမ်းများ ရောင်းချရခြင်းမှ ရရှိသည့် ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိ ရှိခဲ့ကြောင်း Apple က ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။

Ref: CNET