အင်ဂျင်အရွယ် ကြီးလွန်းတယ်လို့ ဆိုရမယ့် Audi S6 2015

audi-s6-.jpg

အခုပြောမယ့် မော်ဒယ်က ဆီဒင်၊ အကြီးစားတန်းဝင်၊ ဒါပေမဲ့ တပ်ဆင်ထားတဲ့ အင်ဂျင်က V8 အင်ဂျင်၊ ကျွန်တော့် အမြင်မှာတော့  Luxury တန်းဝင်အောင် ထုတ်လုပ်ထားတာ မှန်ပေမယ့် ဒီလောက် အင်ဂျင်အရွယ်လောက်ထိအောင် တပ်ဆင်ထားဖို့ လိုအပ်ပါ့မလား။ ဒီလို အင်ဂျင်အရွယ်ကြီးကြီးကို တပ်ဆင်ထားတာရဲ့ နောက်ဆက်တွဲမှာ အင်ဂျင်ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်လာတာ တစ်ချက်ကလွဲလို့ တခြားအချက်တွေတော့ များများစားစား မတွေ့ရဘူးလေ။ အားနည်းချက်အနေနဲ့ပဲ ဖြစ်လာတာက ဆီစားနှုန်းများသွားတာ၊ တကယ်တမ်း အကြီးစားတန်းဝင် မော်ဒယ်တစ်ခုဖြစ်တဲ့ အတွက်ကြောင့်၊ နောက်ပြီး စွမ်းအင်ထုတ်လုပ်မှု ကောင်းကောင်းနဲ့ အင်ဂျင်သံပါ  တည်ငြိမ်ချင်တယ်ဆိုရင် V6 အင်ဂျင်လောက် တပ်ဆင်ထားမယ်ဆိုရင်လည်း ဖြစ်နိုင်လောက်ပါရဲ့နဲ့ S6 မှာ တော့ V8 နဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။ ဒီတော့ ဘာကြောင့်များ Audi က S6 ကို V Series အင်ဂျင်တပ်ထားတာလဲ၊ နောက်ပြီ်း V8 လောက်ထိအောင် တပ်ထားတာလဲဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်ပါ။

Pros

V8 အင်ဂျင်ထိအောင် တပ်ဆင်ထားတာကြောင့် စွမ်းဆောင်ရည် အထူး ကောင်းမွန်တယ် ဆိုတာကတော့ ပြောစရာ မလိုအောင်ပါပဲ။ နောက်ပြီး ဆီစားနှုန်းအပိုင်းမှာက V8 အင်ဂျင်တပ် မော်ဒယ်တစ်စီး အနေနဲ့တော့ ကောင်းမွန်တယ်၊ သက်သာတယ်လို့ ဆိုနိုင်မယ့် အနေအထားပါ။ နောက်ထပ် အားသာချက် ကတော့  မြန်နှုန်းမြင့်မြင့် မောင်းနှင်နိုင်တဲ့ မော်ဒယ် တစ်စီးဖြစ်ပေမယ့် လက်ကိုင်ပိုင်းကတော့ အထူးပေါ့ပါးလှသလို တစ်ဖက်ကလည်း တိကျသေသပ် တာ တွေ့ရ ပါတယ်။ မောင်းနှင်ရမှု အပိုင်းမှာရော လိုက်ပါစီးနင်းရမှု အပိုင်းတွေမှာပါ သက်သောင့်သက်သာရှိပြီး Luxury တန်းဝင် အကြီးစားဈေးကွက်မှာ လည်း S6 က လူကြိုက် အများဆုံး မော်ဒယ်တစ်ခုပါ။ နောက်ပြီး Feature အပိုင်းတစ်ခုဖြစ်တဲ့ အတွင်းဘက် လေအေးပေးစနစ်က တခြားမော်ဒယ်တွေမှာလို AirCon သီးသန့် သဘောမျိုး မဟုတ်ဘဲ သဘာဝ လေအေးပေး စနစ်မျိုးနဲ့ ဖန်တီးထားတာ တွေ့ရတာပဲ ဖြစ်ပါတယ်။

Cons

ဒီနေရာမှာ အားနည်းချက်အနေနဲ့ ထူးထူးထွေထွေ ပြောရလောက်အောင် မရှိလှတာတွေ့ရပြီး တစ်စီးလုံး အနေအထားမှာ ဟန်ချက်ညီညီနဲ့ အထူးကောင်းမွန်ပါတယ်။ ဒါပေမဲ့ Cons အနေနဲ့ တစ်ချက် နှစ်ချက်လောက် ကောက်နုတ်ပြရမယ်ဆိုရင် ဈေးနှုန်းအပိုင်းမှာ ဈေးကွက်အတွင်းပြိုင်ဘက် မော်ဒယ်တွေထက် ဈေးနည်းနည်း များနေတာကတော့ လူကြိုက်နည်းစေတယ်ဆိုတာထက် ဝယ်ယူမှု အားနည်းစေတဲ့ သဘောပါ။ နောက်တစ်ချက်ကတော့ ဂီယာချက်အပိုင်း ဖြစ်ပြီးတော့ ၇ ချက်ထိအောင် အသုံးပြုမောင်းနှင်နိုင်မယ့် မော်ဒယ်က ကောင်းမွန်ပေမယ့် တစ်ဖက်မှာတော့ Manual စနစ်နဲ့ ဖန်တီးထားတာက Auto စနစ်နဲ့ မော်ဒယ်တွေလောက် လူကြိုက်များမှု မရှိနိုင်တာဘဲ ဖြစ်ပါတယ်။

Body

ကိုယ်ထည်ပိုင်းကတော့ ပြောခဲ့ပြီးသလို အကြီးစားတန်းဝင် ဆီဒင်ဖြစ်ပြီးတော့ ခရီးသည် ငါးယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မယ့် မော်ဒယ်ပါ။ ကိုယ်ထည် အရောင်အပိုင်းမှာ စုစုပေါင်း အရောင် ၁၁ ရောင်ထိအောင် ထုတ်လုပ်ရောင်းချပြီးတော့ အတွင်းဘက်ကတော့ သားရေဦးစားပေးပုံစံနဲ့ အမျိုးအစား ၄ မျိုးထိအောင် ရွေး ချယ်နိုင်မှာလည်း ဖြစ်ပါတယ်။ ကိုယ်ထည်ရဲ့ အရွယ်အစားကို ကြည့်မယ်ဆိုရင် အလျားက ၁၆ ပေနဲ့ ၂ လက်မ ရှိမှာဖြစ်လို့ အကြီးစားတန်းဝင် မော်ဒယ်တွေထဲမှာတော့ အသေးဆုံး အနေအထား ဖြစ်နေပါတယ်။ ဒါပေမဲ့ ကားရဲ့ အမြင့်ကတော့ ၄ ပေနဲ့ ၁၀ လက်မထိအောင် ရှိမှာဖြစ်သလို ကိုယ်ထည်ကို Sport ဆန်အောင် ဖန်တီး ထားတာလည်း တွေ့ရပါတယ်။ အတွင်းခန်း အနေအထားကို ကြည့်မယ်ဆိုရင် ရှေ့ဘက်ခန်း အကျယ်က ၅၇ လက်မခွဲရှိမှာဖြစ်ပြီး နောက်ဘက်ခန်းကတော့ ၅၆.၃ လက်မထိအောင်ရှိမှာဖြစ်လို့ ပုံမှန်ထက်တော့ နည်းနည်း ကျဉ်းနေတာပါ။

Engine

အင်ဂျင်ပိုင်းကတော့ ၄.၀ လီတာသုံး V8 အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး V8 အင်ဂျင် အတန်းအစားထဲမှာတော့ အလယ်အလတ် အရွယ်ရှိတဲ့ အင်ဂျင်စနစ်ဖြစ်ကာ သူ့ရဲ့ လည်ပတ်အား တစ်မိနစ်ကို အပတ်ရေ ၁၄၀၀ မှာ ရုန်းအားက ၄၀၆ ပေ-ပေါင် ရှိမှာဖြစ်ပြီး ထွက်ရှိလာမယ့် စွမ်းအင်ပမာဏကတော့ မြင်းကောင်ရေ ၄၂၀ အား ဖြစ်တာကြောင့် စွမ်းအင်ထွက်ရှိမှု တော်တော်ကို ကောင်းမွန်တယ်လို့ ဆိုနိုင်မယ့် အနေအထားပါ။ ဒါပေမဲ့ တစ်ဖက်မှာတော့ အင်ဂျင်က စွမ်းအင် ထွက်ရှိမှု ကောင်းပေမယ့် ရုန်းအားနည်းတာကြောင့် Off-Road အတွက်တော့ စွမ်းဆောင်ရည်နည်းသွား ပါလိမ့်မယ်။ ဒီနေရာမှာ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နိုင်မယ့်နှုန်းကတော့ တစ်မိနစ်ကို အပတ်ရေ ၅၅၀၀ ထိပဲ ဖြစ်တာကြောင့် ဆီစားနှုန်းတော့ သက်သာစေနိုင်ပါလိမ့်မယ်။

Performance

Transmission အပိုင်းမှာက အထက်မှာ ပြောခဲ့သလို Manual စနစ်နဲ့ဆိုတော့ အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်မှုကို အကောင်းဆုံး ဖြစ်လာစေမှာ ဖြစ်သလို တစ်ဖက် ကလည်း အင်ဂျင်က စွမ်းအင်ထုတ်လုပ် မှု ကောင်းမွန်တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်က စိတ်ဝင်စားစရာပါ။ နာမည်ကြီး Sport မော်ဒယ်ဖြစ်တဲ့ TT RS တောင်မှ တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၄ စက္ကန့်ဝန်းကျင်ယူနေချိန်မှာ အကြီးစားတန်းဝင်ဖြစ်တဲ့ S6 ကတော့ တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၄.၅ စက္ကန့်ပဲ ကြာမှာဖြစ်လို့ Sport တစ်စီးလောက် စွမ်းဆောင်နိုင်တဲ့ မော်ဒယ်ဖြစ်သလို တစ်ဖက်ကလည်း အခုလို အကြီးစားတန်းဝင် မော်ဒယ်တွေထဲမှာ ဒီလောက် စွမ်းဆောင်ရည် မြင့်မြင့်နဲ့ မော်ဒယ်က လက်ချိုးနိုင်လောက်အောင် ရှားတာလည်း တွေ့နိုင်ပါတယ်။

Fuel and others

ဆီစားနှုန်း အပိုင်းမှာတော့ မော်ဒယ်က အင်ဂျင်အရွယ်စား ကြီးနေတာ မှန်ပေမယ့် Manual စနစ်နဲ့လည်း လာတယ်၊ အင်ဂျင် ရဲ့ လည်ပတ်အားလည်း နည်းတယ်၊ နောက်ပြီး စွမ်းအင်ထုတ်လုပ်မှု လည်း ကောင်းမွန်တာကြောင့် ပျမ်းမျှ ဆီစားနှုန်းက ဆီတစ်ဂါလံကို ၂၂ မိုင် လောက်ထိအောင် စီးနင်းနိုင်တာတွေ့ရပြီး City မှာဆိုရင် ၁၇ မိုင်နဲ့ Highway အတွက်ဆိုရင်တော့ ၂၇ မိုင်လောက်ထိအောင် ရမှာပါ။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုကတော့ ဂါလံ ၂၀ ထိအောင်ဖြစ်လို့ အနေတော်ပါပဲ။ ထူးခြားချက်တစ်ချက်အနေနဲ့ တွေ့ရတာကတော့ Suspension စနစ်ဖြစ်ပြီး မော်ဒယ် အများစုမှာ တပ်ဆင်တတ် တဲ့ ရှေ့ဘက် MacPherson ရဲ့ နေရာမှာ နောက် ဘက်တွေမှာ တပ်ဆင်မှုများတဲ့ Multi-link ကိုပဲ ရှေ့ရောနောက်မှာပါ ထိုင်ထားတာ ဖြစ်ပါတယ်။ ဒီအတွက် ရလဒ်ကတော့ မော်ဒယ်က ငြိမ့်ညောင်းမှု အပိုင်းမှာ ပိုလာမှာ ဖြစ်ပေမယ့် Off-Road အတွက်တော့ အနည်းငယ် အားနည်းသွားတာ ဖြစ်ပါတယ်။ ကဲ.. ဒါကတော့ Audi ရဲ့ Luxury တန်းဝင် မော်ဒယ်တစ်ခုဖြစ်တဲ့ S6 ရဲ့ သိကောင်းစရာတွေပါ။ တန်ကြေးကတော့ Cons ထဲမှာ ထည့်ရေးရသလို နည်းနည်းများတာက လွဲလို့ အားနည်းချက် ပြောစရာ မရှိလောက်အောင် ကောင်းမွန်တဲ့ မော်ဒယ်ကတော့ လက်တစ်ကမ်း အကွာမှာပါ။