OCBC ဘဏ်၌ ငွေပေးချေခြင်းကို အင်တာနက်မှတစ်ဆင့် ပြုလုပ်နိုင်

IMG_2952.jpg

နိုင်ငံခြားဘဏ်တစ်ခုဖြစ်သည့် Oversea Chinese Banking Corporation (OCBC) ဘဏ်သည် မြန်မာနိုင်ငံဘဏ်ခွဲကို ယနေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး အဆိုပါ ဘဏ်ခွဲ၌ ငွေပေးချေခြင်းကို အင်တာနက် ကွန်ရက်မှ တစ်ဆင့် ပြုလုပ်ဆောင်ရွက်နိုင်ပြီဟု သတင်းထုတ် ပြန်ခဲ့သည်။

Corporate Customer များကို အင်တာနက်ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ဝန်ဆောင်မှု ပေးအပ်ခဲ့ခြင်းသည် နိုင်ငံခြားဘဏ်များအနက် ပထမဦးဆုံးဖြစ်ကြောင်း OCBC ၏ အထွေထွေမန်နေဂျာ (ရန်ကုန်) ဖြစ်သူ Mr. Daniel Tan က ပြောသည်။

ပြည်တွင်းဘဏ်များ၏ ဝန်ဆောင်မှုများနည်းတူ ဘဏ်အကောင့် ဖွင့်လှစ်ထားသူများသည် အင်တာနက်စနစ်ကို အသုံးပြု၍ မိမိအကောင့်၏ ငွေစာရင်းကို အချိန်ပြည့် ကြည့်ရှုနိုင်မည့် အပြင် ငွေပေးချေခြင်း ဝန်ဆောင်မှုများကိုပါ အင်တာနက်ပေါ်၌ ပြုလုပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံအခြေစိုက် ဘဏ်သုံးခု ပူးပေါင်းထူထောင်ထားသော OCBC ဘဏ်သည် အခြားသော နိုင်ငံခြားဘဏ် ၄ ခုနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အခန်းကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၈၅ သန်း ထောက်ပံ့မှုများလည်း ယခင်က ပြုလုပ်ဆောင်ရွက်ဖူးသည်ဟု သိရသည်။

OCBC ၏ ထုတ်ပြန်ချက်အရ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံများ တည်ဆောက်ပေးနေသည့် Pan Asia Majestic Eagle Limited ကို မြန်မာနိုင်ငံ၌ မိုဘိုင်းတာဝါ စိုက်ထူနိုင်ရန် နိုင်ငံခြားဘဏ်များနှင့် ပူးပေါင်း၍ ထောက်ပံ့မှုများ ပြုလုပ်ပေးခြင်းဖြစ်သည်ဟု သိရသည်။

OCBC ရန်ကုန်ဘဏ်ခွဲအနေဖြင့် မြန်မာနိုင်ငံတွင် စီမံကိန်းအလိုက် ငွေပေးချေမှုများ၊ နေ့စဉ်လုပ်ငန်းသုံး ချေးငွေထောက်ပံ့မှုများ၊ ကုန်သွယ်ရောင်းဝယ်ရေး ဆိုင်ရာ ငွေကြေး ဝန်ဆောင်မှုများကို ဝန်ဆောင်မှု ပေးအပ်သွားမည်ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းများ၊ ပြည်တွင်းဘဏ်များအား ဝန်ဆောင် မှုပေးအပ်သွားမည်ဟု သိရသည်။

အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနှင့် မြန်မာကျပ်ငွေများကို စာရင်းသေ၊ စာရင်းရှင်အနေဖြင့် ဘဏ်၌ ငွေအပ်နှံခြင်း လက်ခံသွားမည်ဖြစ်ပြီး ချေးငွေရယူခြင်း၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်ခြင်း ဝန်ဆောင်မှုများကိုလည်း ဝန်ဆောင်မှု ပေးအပ်သွားမည်ဖြစ်ကြောင်း OCBC က သတင်းထုတ်ပြန်ခဲ့သည်။