ဒေါသထွက်ပြီး ကွန်ပျူတာကို သေနတ်ဖြင့် ပစ်ခတ်သူ တရားစွဲခံရ

11149288_10152865015272825_4487528049068656737_n.jpg

အမေရိကန်နိုင်ငံရှိ ကော်လိုရာဒိုစပရင်းစ်မြို့မှ အမေရိကန်နိုင်ငံသားတစ်ဦးသည် ၎င်း၏စက်ချို့ယွင်းနေသည့် ကွန်ပျူတာကို ဒေါသထွက်ကာ သေနတ်ဖြင့် ရှစ်ကြိမ် ပစ်ခတ်ခဲ့ပြီးနောက် တရားစွဲခံခဲ့ရကြောင်း ဒေသခံရဲအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမေရိကန်နိုင်ငံသား၏ ကွန်ပျူတာမှာ နည်းပညာဆိုင်ရာ ပြဿနာဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းကကွန်ပျူတာကို လမ်းကြားထဲသို့ ယူဆောင်သွားပြီး ဖျက်ဆီးခဲ့ကြောင်း ရဲအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုခဲ့သည်။

ဥပဒေကြောင်းအရ အရေးယူခံခဲ့ရသူ လူးကပ်စ်ဟစ်ခ်ျသည် မြို့ဧရိယာအတွင်း လက်နက်ကိုင်ဆောင် ပစ်ခတ်မှုဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ သို့သော်လည်း ၎င်းအနေဖြင့်မည်သည့် ကိစ္စဖြင့် စွဲချက်တင်ခံရသည့် အကြောင်းကို သတိမပြုမိခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ ၎င်းကို ချမှတ်မည့် ပြစ်ဒဏ်အား တရားသူကြီးမှ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

လူးကပ်စ်သည် လွန်ခဲ့သည့် လအနည်းငယ်ကတည်းက ၎င်း၏ ကွန်ပျူတာ နည်းပညာ အခက်အခဲများကြောင့် စိတ်ပင်ပန်းခဲ့ကြောင်း ရဲအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျက်စတိုတာက Colorado Springs Gazette သို့ပြောကြားခဲ့သည်။ မစ္စတာဟစ်ခ်ျသည် တနင်္လာနေ့ ညနေတွင် ကွန်ပျူတာကို reboot လုပ်ရာ၌ အသုံးပြုလေ့ရှိသည့် ctrl+alt+delete ကိုနှိပ်လိုက်ချိန်တွင် ကွန်ပျူတာ၏ လုပ်ဆောင်ချက် ရပ်ဆိုင်းသွားခဲ့သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း Colorado Springs Gazette က ရေးသားခဲ့သည်။

Ref: BBC