Spoke နဲ့ Alloy ဘယ်ဘီး အမျိုးအစားကို ရွေးချယ်မလဲ အပိုင်း (၂)

speedjetrs_front.jpg

လာပါပြီ၊ ဒလက်တွေရဲ့ အားသာချက်။ အဓိက အနေနဲ့ ပြောစရာရှိတာက နှစ်ချက်။ ပထမတစ်ချက်က စိတ်ကြိုက် ဒီဇိုင်းရွေးချယ်နိုင်မှု။ ဆိုလိုတာက Spoke ဘီးတွေမှာ Spoke ယက်တဲ့ စနစ်က နှစ်မျိုး၊ သုံးမျိုးလောက်ပဲရှိပြီး တကယ်တမ်း ဆိုင်ကယ်ပြင်ဆင်၊ အရောင်းဆိုင်တိုင်းက လွယ်ကူတဲ့ နည်းတစ်နည်းတည်းနဲ့ပဲ Spoke တွေကို ယက်ပြီး ဆိုင်ကယ်မှာ တပ်ဆင်ရောင်းချနေကြတာဆိုတော့ ဘီးက အရောင်ထွက်တာ မှန်ပေမယ့် Spoke တွေရဲ့ ယက်တဲ့ စနစ်မပြောင်းလဲ
တာကြောင့် ဒီဇိုင်းကတော့ တစ်မျိုးတည်းပဲ ရနိုင်တာတွေ့ရပါတယ်။ ဒီနေရာမှာ ဒလက်ကတော့ ငါးဒေါက်၊ ခြောက်ဒေါက်၊ ပန်း၊ ကြယ်၊ စသဖြင့် ဒလက်ပုံစံ  အမျိုးမျိုးနဲ့ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်တာကြောင့် ဒီတစ်ချက်က ဒလက်တွေရဲ့ အားသာတဲ့ တစ်ချက်ပါ။

နောက်တစ်ချက်ကတော့ သံချေးမကိုက်ခြင်းဘဲ ဖြစ်ပါတယ်။ Alloy တွေရဲ့ သဘောတရားအတိုင်း ဘီးတွေက မိုးစိုထဲမှာပဲ ထားထား၊ ရွှံ့တွေ ဗွက်တွေနဲ့ပဲ နှစ်ရှည်လများထားထား သေချာတာ တစ်ခုကတော့ ဘီးတွေက သံချေးမကိုက်ပါဘူး။ သံချေး ကိုက်ရအောင်လည်း ဘီးတွေရဲ့ ဖန်တီးမှုအပိုင်းမှာ သံမဏိ မပါဝင်တာကြောင့် အခုလို သံချေးမကိုက်တာ ဖြစ်ပါတယ်။ ဒီတော့ Spoke ဘီးတွေက အရောင်ထွက်တာ၊ လှပတာ မှန်ပေမယ့် ကြာလာရင်တော့ သံချေး ကိုက်နိုင်တာတွေ့ ရပြီး ဒလက်တွေကတော့ အားသာချက်အဖြစ်နဲ့ ရပ်တည်နေနိုင်တာ တွေ့ရပါတယ်။

ပျက်စီးမှုအပိုင်းမှာတော့ အပျက်များတဲ့ ဘီးအမျိုးအစားက Spoke ဘီးတွေ ဖြစ်ပြီးတော့ ဘီးခွေတာမျိုးတွေ အဖြစ်များပါတယ်။ တကယ်တမ်းဆိုရင်တော့ ကြီးကြီးမားမား မဟုတ်တဲ့ ဘီးခွေ သွားတာမျိုးက ပြင်ဆိုင်မှာ ပြန်လည် ချိန်ညှိပြင်ဆင်နိုင်တာ တွေ့ရတာကြောင့် Repair လုပ်မယ်ဆိုရင်တော့ Spoke တွေက အဆင်ပြေပါတယ်။ နောက်ပြီး Spoke ကျိုးတာမျိုးတွေကိုလည်း အပိုဝယ်နိုင်သလို လိုအပ်သလို လဲလှယ်ထည့်သွင်းနိုင်တာကြောင့် ပြင်ဆင်မှု အပိုင်းမှာတော့ Spoke က အားသာပါတယ်။ ဒီနေရာမှာ ဒလက်ကတော့ တစ်ခါသုံးလို့ ပြောရမှာပါ။ အကြောင်းကတော့ ဘီးခွေသွားတယ်ဆိုရင် ဒလက်တွေက ပြန်လည် ချိန်ညှိလို့ မရလို့ပါ။ ဒါပေမဲ့ ဘီးတွေရဲ့ တည်ဆောက်ပုံနဲ့ မာကျောမှု အရတော့ သူတို့က အပျက်အစီး နည်းပါတယ်။ နောက်ပြီး တချို့ပြင်ဆိုင်တွေမှာဆိုရင် အသေးစား ဒလက်ဘီးတွေရဲ့ ဘီးခွေမှုကို ထုနှက်ပြီး ပြန်လည် ချိန်ညှိပေးတာမျိုး တွေ့ရပေမယ့် ချိန်သားတော့ ပုံမှန်အတိုင်း မကိုက်တတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် သိသလောက်တော့ ဒလက်က အပျက်အစီး နည်းပါတယ်။ တိုက်မိတာမျိုး အပါအဝင်၊ ချိုင့်ကျတာမျိုးလောက်သာ ပျက်စီးတတ်ပါတယ်။ ဒီတော့ အားနည်းချက်၊ အားသာချက်တွေကို ယှဉ်ကြည့်မယ်ဆိုရင် Spoke တွေက ဈေးနှုန်းပိုင်း ချိုသာတာ မှန်ပေမယ့် မော်ဒယ်အရရော၊ ခေတ်အရရော၊ အရည်အသွေးအရပါ ဒလက်တွေလောက် သိပ်မဟုတ်လှဘူးဆိုတာကိုတော့ သိထားစေချင်ပါတယ်။