OPPO YoYo

Viber-(1).jpg

Price ; 199,000

အားသာချက်

ဈေးနှုန်းသင့်တင့်တဲ့ ဖုန်းဖြစ်ပေမယ့်လည်း ဖုန်းမှာအသုံးပြုထားတဲ့ Hardware စနစ်တွေနဲ့ ဖုန်းတွင်း အသုံးပြု စနစ်တွေမှာ အဆင်ပြေ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ Gesture Sensor စနစ်ပိုင်းတွေမှာလည်း ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်တဲ့ အတွက်ကြောင့် ဖုန်းကိုအသုံးပြုတဲ့ အခါမှာ လွယ်ကူတဲ့စနစ်တွေနဲ့ Screen ပေါ်မှာ Shortcut စနစ်တွေကို အသုံးပြုနိုင်တဲ့အပြင် ဖုန်းကို Screen ပိတ်ခြင်း၊ ဖွင့်ခြင်းတွေကို ပြုလုပ်ဖို့အတွက်လည်း လွယ်ကူတဲ့ဖုန်းပါ။ ဈေးနှုန်းသင့် ဖုန်းတစ်လုံး ဖြစ်ပေမယ့် ဖုန်းရဲ့စပီကာဟာ ကောင်းမွန်ပြီး အသံထွက်နှုန်းကလည်း ကောင်းမွန်ပါတယ်။ အသုံးပြုထားတဲ့ Screen ကလည်း ကောင်းမွန်တဲ့အပြင် ကင်မရာကလည်း အသုံးပြုရတာ အဆင်ပြေပါတယ်။

အားးနည်းချက်

ဖုန်းမှာပါဝင်တဲ့ မှတ်ဥာဏ်ဟာ နည်းပါတယ်။ ဒါ့အပြင် တန်ဖိုးသင့် စမတ်ဖုန်း တစ်လုံးဖြစ်တဲ့အတွက် ဖုန်းမှာဖွဲ့စည်း တည်ဆောက်ထားတဲ့အချို့ စနစ်ပိုင်းတွေမှာ အနည်းငယ် လျော့ချထားမှု ရှိနေတဲ့အပြင် Bluetooth ရဲ့ဗားရှင်းဟာလည်း 2.1 ဖြစ်တဲ့အတွက် နောက်ပိုင်းထွက် နည်းပညာမြင့် စမတ်ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ Bluetooth ဗားရှင်းက နိမ့်တယ်လို့ ဆိုနိုင်ပါတယ်။

ဒီဇိုင်း

YoYo ဟာ ပုံစံဒီဇိုင်းပိုင်းမှာ ဆွဲဆောင်မှုရှိတဲ့  ပုံစံမျိုးရှိနေပြီး အရွယ်အစားပိုင်းမှာလည်း သင့်တင့်တဲ့ အရွယ်အစားမျိုး ရှိနေပါတယ်။ ဖုန်းရဲ့ဖွဲ့စည်း တည်ဆောက်မှု ပုံစံဟာ လေးထောင့်ဆန်တယ်လို့ ထင်ရပေမယ့် အပေါ်ထိပ်အနားနဲ့ အောက်ခြေ အနားဘောင်တွေဟာ အ၀ိုက်ပုံစံမျိုး တည်ဆောက်ထားတာပါ။ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၀ စင်တီမီတာနဲ့ ဘေးတိုက်အကျယ် ၆.၇၅ စင်တီမီတာ ရှိပါတယ်။ လက်နဲ့ကိုင်တွယ် အသုံးပြုရာမှာတော့ အဆင်ပြေတဲ့ အရွယ်အစား ပုံစံမျိုးဖြစ်ပြီး လက်ထဲမှာ မြဲမြံစွာနဲ့ အလွယ်တကူ ထိန်းကျောင်း အသုံးပြုနိုင်တဲ့ ပုံစံမျိုးရှိပါတယ်။ ဖုန်းရဲ့ဖွဲ့စည်း တည်ဆောက်ပုံကတော့ ကိုယ်ထည်တစ်ခုလုံးဟာ ပလပ်စတစ် ကိုယ်ထည်ဖွဲ့စည်းမှုဖြစ်ပြီး နောက်ဘက် ကာဗာကလည်း ဖြုတ်နိုင်တပ်နိုင်တဲ့ ပလပ်စတစ် ကာဗာအရှင်ပါ။ ဖုန်းရဲ့အပေါ် ထိပ်ပိုင်းနဲ့ အောက်ခြေဘောင်တွေဟာ ပုံမှန်အခြေအနေ မျိုးမှာရှိနေပြီး Screen  မြင်ကွင်းရဲ့ ဘေးဘောင်နှစ်ဘက်ကတော့ အနည်းငယ် ထူပါတယ်။ စပီကာတွေကတော့ ဖုန်းရဲ့နောက်ကျောဘက် အောက်ခြေနားမှာရှိနေပြီး USB Port ကတော့ ဖုန်းရဲ့ အောက်ခြေဘောင်မှာ ရှိပါတယ်။ ထုထည်က ၀.၉၁ စင်တီမီတာရှိတဲ့အတွက် ပါးလွှာတယ်လို့တော့ သိပ်မဆိုနိုင်ပါဘူး။ အလေးချိန်ဟာ ၁၃၀ ဂရမ်ရှိတဲ့အတွက် ပေါ့တယ်လို့ ဆိုနိုင်ပေမယ့် အရွယ်အစားနဲ့ ယှဉ်ကြည့်မယ် ဆိုရင်တော့ ပုံမှန်အခြေအနေ မျိုးမှာရှိနေပါတယ်။ GSM 2G/ 3G ကွန်ရက်စနစ်တွေမှာ အသုံးပြုနိုင်ပြီး Sim Card နှစ်ခု တစ်ပြိုင်တည်း ထည့်သွင်း အသုံးပြုနိုင်မယ့် Dual Sim စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နည်းပညာ

YoYo ကိုအသုံးပြုသူတွေ အနေနဲ့ ဖုန်းဟာ တန်ဖိုးသင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် Gesture စနစ်ပိုင်းတွေကို ကောင်းကောင်း အသုံးပြုနိုင်တာ တွေ့ရပါလိမ့်မယ်။ ဒီဖုန်းဟာ Gesture စနစ်ပိုင်းတွေကို အသားပေးထားပြီး Gesture စနစ်ပိုင်းမှာတော့ Screen ကိုလက်နဲ့ နှစ်ချက်ပုတ်ချိန်မှာ Screen ဖွင့်ပေးနိုင်ပြီး Screen ပိတ်ထားတဲ့ အခြေအနေမှာ သတ်မှတ်ပေးထားတဲ့ သင်္ကေတတွေကို Screen ပေါ်မှာရေးဆွဲပြီး ဖုန်းစနစ်တွေထဲကို အလွယ်တကူ ၀င်ရောက် အသုံးပြုနိုင်တဲ့ Screen Off Gesture စနစ်၊ ကိုယ်တိုင်စိတ်ကြိုက် သင်္ကေတတွေနဲ့ မှတ်သားပြီး Screen ပေါ်မှာ Shortcut စနစ်အနေနဲ့ အလွယ်တကူ အသုံးပြုနိုင်တဲ့ Custom Gesture စနစ်၊ ဖုန်းဝင်လာချိန်မှာ ဖုန်းကိုင်တဲ့ ခလုတ်ကို နှိပ်ဖို့မလိုပဲ ဖုန်းကိုနားမှာ ကပ်လိုက်ရုံနဲ့ ဖုန်းပြောနိုင်တဲ့ Easy Answer Gesture စနစ်၊ Screen ပေါ်မှာ လက်သုံးချောင်းဖြင့် ဆွဲပါက Screen Shot ပြုလုပ်ခြင်း၊ Screen ပိတ်ထားချိန် Screen ပေါ်မှာ လက်နှစ်ချောင်းဖြင့် ဆွဲပါက Music စနစ်ဖွင့်ပေးခြင်း အသံအတိုးအကျယ် ပြုလုပ်ခြင်း၊ Screen ပိတ်ထားသော အခြေအနေတွင်ပင် Screen ပေါ်တွင် ရှေ့နောက် < > သင်္ကေတများကိုဆွဲရုံနဲ့ ဖွင့်ထားသော သီချင်းအား ရှေသို့ကျော်ခြင်း၊ နောက်သို့ ပြန်သွားခြင်း အစရှိတာတွေကို ပြုလုပ်နိုင်ပါတယ်။ Screen Off ပြန်ပြုလုပ်ဖို့ အတွက်တော့ Screen Off Gesture စနစ်မပါ ၀င်ပါဘူး။ ဒါပေမယ့် Screen Off ပြုလုပ်ခြင်းကို အလွယ်တကူ လုပ်နိုင်ဖို့အတွက် Screen Off Widgets ကို ဖုန်းရဲ့ Home Key နားမှာထည့်သွင်း ပေးထားပါတယ်။ Screen Off Icon လေးကို ထိလိုက်ရုံနဲ့ Screen ကိုပိတ်ပေးနိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Dual-core 1.3 GHz CPU ဖြစ်ခြင်းကြောင့် CPU စနစ်မြင့်မားတဲ့ ဖုန်းအမျိုးအစား တစ်ခုတော့ မဟုတ်ပါဘူး။ IPS LCD Screen ဖြစ်ခြင်းကြောင့် ကောင်းမွန်တဲ့ Screen အမျိုးအစား တစ်ခုဖြစ်ပြီး 540×960 Pixel Resolution နဲ့ 234ppi Pixel Density ရှိပါတယ်။ Screen အရွယ်အစားကတော့ 4.7 လက်မရှိပါတယ်။ OS ကတော့ Android OS ပေါ်မှာ ကိုယ်ပိုင် မြင်ကွင်းဟန် ပုံစံတစ်ခု အနေနဲ့ ပြုလုပ်ရေးဆွဲထားတဲ့ Color OS 1.0.0i ပါ။ Android OS အနေနဲ့ဆိုရင်တော့ Android Version 4.2.2 JellyBean အမျိုးအစားဖြစ်ပါတယ်။ Internal Memory 4GB ပါဝင်ပြီး 1GB RAM ဖြစ်တာကြောင့် Internal မှတ်ဥာဏ်စနစ်ပိုင်းမှာ နည်းပေမယ့် RAM ကတော့ ကောင်းမွန်ပါတယ်။ မှတ်ဥာဏ်ထပ်တိုး အသုံးပြုဖို့အတွက် Micro SD Card 32GB ထိထပ်တိုး အသုံးပြုနိုင်ပါတယ်။ ဂရပ်ဖစ်အတွက်လည်း Graphic GPU ကိုသီးသန့် ထည့်သွင်း အသုံးပြုထားတာ မတွေ့ရပဲ ဖုန်းရဲ့ Board မှာပါဝင်တဲ့ ဂရပ်ဖစ်စနစ်ကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 5Mega Pixel ရှိတဲ့ ကင်မရာဖြစ်ပြီး 2592×1944 Pixels ထိ အသုံးပြုနိုင်ပါတယ်။ ရှေ့ကင်မရာကတော့ 2 Mega Pixel ကင်မရာပါ။ Bluetooth 2.1 ဖြစ်ပြီး USB 2.0 စနစ်ပါဝင်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်ရင်တော့ YoYo ဟာ ဖုန်းတွင်းအသုံးပြု Gesture စနစ်ပိုင်းတွေမှာ ကောင်းမွန်တဲ့ ဖုန်းဖြစ်ပါတယ်။ ကိုင်တွယ်ထိတွေ့ အသုံးပြုခြင်း အပိုင်းမှာလည်း အဆင်ပြေပါတယ်။ ဖုန်းမှတ်ဥာဏ်ဟာ 4BG ပါဝင်ပေမယ့် တကယ်တမ်း အသုံးပြုမယ် ဆိုရင်တော့ 3GB လောက်ပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် SD Memory Card ကို အသုံးပြုမှ မှတ်ဥာဏ်များများ အသုံးပြုနိုင်မှာပါ။ ဂရပ်ဖစ် GPU မပါဝင်တဲ့အတွက် ဂရပ်ဖစ်မြင့်မားတဲ့ ဂိမ်းတွေအတွက်လည်း ထောက်ပံ့ပေးနိုင်ဖို့ ခက်ခဲနိုင်ပါလိမ့်မယ်။ ဖုန်းရဲ့ဈေးနှုန်းဟာ ၁၉၉,၀၀၀ ကျပ် ၀န်းကျင်ဖြစ်ပြီး ဖုန်းရဲ့နည်းပညာပိုင်း၊ အသုံးပြုနိုင်မှု စွမ်းဆောင်ရည် တွေကတော့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သုံးပျော်တယ်လို့ ဆိုနိုင်ပြီး မျှတသင့်လျော်တဲ့ အခြေအနေမှာ ရှိပါတယ်။

-ကိုသက်
Ph ;  01-250 986