EC-Council အသိအမှတ်ပြု Service+ Engineer တစ်ဦးအဖြစ် လေ့လာ သင်ယူနိုင်မည့် လမ်းကြောင်းနှင့် အလုပ်အကိုင် အခွင်

Engineer.jpg

လက်ရှိ မျက်မှောက်ကာလတွင် ကွန်ပျူတာ၏ အရေးပါအရာရောက်မှုများသည် လုပ်ငန်းခွင်များ အားလုံးတွင် သက်ရောက်မှု အတိုင်းအတာ ပမာဏအားဖြင့် အထူးမြင့်မား လျက် ရှိသည်။ ကွန်ပျူတာ ကျွမ်းကျင်ပညာရှင်များ အနေဖြင့်လည်း နေရာတိုင်းတွင် လိုအပ်လျက်ရှိပြီး Computer Engineer တစ်ဦးအဖြစ် လေ့လာသင်ယူလိုသော လူငယ်များမှာလည်း အရေအတွက်အားဖြင့် များစွာမြင့်တက်လျက် ရှိနေသည်။ အဆိုပါ Computer Engineer တစ်ဦးအဖြစ်သို့ လေ့လာသင်ယူနိုင်မည့် လမ်းကြောင်းနှင့် Computer Engineer တစ်ဦး၏ အလုပ်အကိုင်အခွင့် အလမ်းများအကြောင်းကို ဖော်ပြသွားမည်ဖြစ်သည်။

ကွန်ပျူတာတစ်လုံးအား ဖွဲ့စည်းတည်ဆောက်မှုမှ စတင်လေ့လာသင်ယူရမည် ဖြစ်သောကြောင့် A+ Hardware Course သည် Computer Engineer တစ်ဦး တစ်ယောက် အတွက် မဖြစ်မနေ လေ့လာ သင်ယူသင့်သည့်  ဘာသာရပ်တစ်ခုဖြစ်သည်။ ကွန်ပျူတာတစ်လုံးအား အသုံးပြုမှုအပိုင်းတွင် တပ်ဆင်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အလုပ် လုပ်ပုံတို့ကို ကောင်းစွာသိရှိနားလည်ထားရန် အရေးကြီးသည်။ ကွန်ပျူတာတစ်လုံးဟု ဆိုရာတွင် Desktop Computer, Laptop, Netbook စသည့် Hardware များ အားလုံးပါဝင်မည် ဖြစ်ပြီး အဆိုပါ Hardware များ အလုပ်လုပ်ဆောင်ပုံ၊ ပြုပြင်ထိန်းသိမ်းပုံများကို သင်ယူလေ့လာရမည်ဖြစ်သည်။

ကွန်ပျူတာ ဟုဆိုရာတွင် တစ်လုံးတည်းသီးသန့် အသုံးပြုကြသည်မဟုတ်ဘဲ ကွန်ပျူတာတစ်လုံးနှင့် တစ်လုံး ချိတ်ဆက် အသုံးပြုလာကြသည်ဖြစ်ရာ Network ၏ အကြောင်းများကိုပါ လေ့လာရန် လိုအပ်လာပြီ ဖြစ်သည်။ ကွန်ပျူတာအချင်းချင်း ချိတ်ဆက်ရာတွင် အရေးပါသော အကြောင်းအရာများ၊ Server Side, Client Side တို့ကို ထိန်းချုပ်မှုများ အစရှိသည်တို့ကို လေ့လာသင်ယူရမည် ဖြစ်ပြီး N+ Network Course သည် Computer Engineer တစ်ဦးအဖြစ် မိမိကိုယ်ကို ယုံကြည်မှု ရှိစေရန် လိုအပ်သော ဘာသာရပ်တစ်ခု ဖြစ်သည်။

Computer Engineer တစ်ဦး အတွက် အထက်ပါ ဘာသာရပ်နှစ်ခုသည် အခြေခံအဆင့်မျှသာ ဖြစ်ပြီး မဖြစ်မနေ တတ်မြောက်ထားသင့်သော ဘာသာရပ်နှစ်ခု လည်း ဖြစ်သည်။ Computer Engineer တစ်ဦးအနေဖြင့် Computer OS များ၏ လုပ်ဆောင်မှု အပိုင်းများကို လေ့လာ သင်ယူရမည်ဖြစ်ပြီး Server Side OS များ အကြောင်းအတွက်ကိုမူ အထူးသီးသန့်ထားကာ လေ့လာရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် Windows Server 2012 သည် လုပ်ငန်းခွင်အသုံးပြု Server Side OS အမျိုးအစားတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပတွင် လုပ်ငန်းခွင်များ အသုံးပြုမှုများပြားသော OS အမျိုးအစားတစ်ခု ဖြစ်သည်။ MCP ဘာသာရပ်များ (410, 411, 412) ကို လေ့လာသင်ယူသော ကျောင်းသားများအနေဖြင့် Server Side Services, T-shoot များ အကြောင်းကို ပြီးပြည့်စုံစွာ သင်ယူတတ်မြောက်နိုင်မည်ဖြစ်ပြီး Server Administrator တစ်ဦးအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။

70-410 Installation and Configuration Windows Server 2012 ကို သင်ယူ လေ့လာခြင်းဖြင့်ပြည့်စုံသော Computer Engineer တစ်ဦးအဖြစ် ရပ်တည်နိုင်စေ မည်ဖြစ်သည်။ ပြောင်းလဲ တိုးတက်မှုမြင့်မား၍ ပြိုင်ဆိုင်မှုပြင်းထန်သော နည်းပညာနယ်ပယ်တွင် နိုင်ငံတကာ အသိအမှတ်ပြု ဟူသည့် စာသားသည် အတိုင်းအတာ တစ်ခုထက်ပိုသည့် အနေအထားကို ရောက်ရှိနေပြီဖြစ်သည်။ EC Council ၏ CSCU, CEH အစရှိသည့် လက်မှတ်များသည် ကွန်ပျူတာ ပညာရှင်တစ်ဦးအတွက် ပြီးပြည့်စုံစေသည့် အထောက် အထားများပင် ဖြစ်သည်။ CSCU (Certified Secure Computer User) Level တွင် ကွန်ပျူတာ တစ်လုံးကို ထိန်းသိမ်းလေ့လာမှုဆိုင်ရာ အကြောင်းအရာများ ပါဝင်မည်ဖြစ်ပြီး အင်တာနက် အသုံးပြုရာတွင် လိုအပ်သော Computer Security, Social Networking Security, File Download Security ပိုင်းတို့ကို အသေးစိတ် သင်ကြားရမည်ဖြစ်သည်။ CSCU လက်မှတ်ကိုင်ဆောင်ထားသော လူငယ်များ အနေဖြင့် စိတ်ချလုံခြုံသော ကွန်ပျူတာထိန်းသိမ်းမှုစနစ်ကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်ပြီး အဆိုပါ လူငယ်များအား နည်းပညာလုပ်ငန်းများမှ လိုအပ်ကြမည်ဖြစ်သည်။

ယခင်အချိန်များက Computer Engineer တစ်ဦးအဖြစ် အသက်မွေးလိုသော လူငယ်များအတွက် နည်းပညာ ရေစီးကြောင်း အရ အထက်ပါ ဘာသာရပ်များ အကြောင်းကို လေ့လာသင်ယူရုံမျှဖြင့် လုံလောက်နိုင်မည် ဖြစ်သော်လည်း လက်ရှိမျက်မှောက် တိုးတက်လာသော နည်းပညာခေတ်အတွင်းတွင် အဆိုပါ ဘာသာရပ်များနှင့် မလုံလောက်နိုင်တော့ပေ။ လက်ရှိ နည်းပညာကုမ္ပဏီများအနေဖြင့် Computer Engineer တစ်ဦးကို ခေါ်ယူတော့မည်ဆိုလျှင် အထက်ပါ ပညာရပ်များ အပေါ်တွင် ကျွမ်းကျင်မှု ရှိ၊ မရှိ  စစ်ဆေးသည့် အပြင် အခြားနည်းပညာသစ်များနှင့် ပေါင်းစပ်နည်းပညာ ဘာသာရပ်များအပေါ် စိတ်ဝင်စားကာ တတ်ကျွမ်းမှု အပိုင်းကိုပါ အလေးထား လာကြသည်။ ထို့ကြောင့် CCTV, Resperry Pi အစရှိသော ပေါင်းစပ် ပညာရပ်၊ နည်းပညာသစ် ဘာသာရပ်တို့ကိုပါ လေ့လာထားရမည်ဖြစ်သည်။

CCTV သည် လက်ရှိ နည်းပညာနယ်ပယ်တွင် အရေးပါလာသော Hardware Product တစ်ခု ဖြစ်ပြီး လုံခြုံရေးကို အဓိက ထားသော လုပ်ငန်းစုတိုင်း၊ နေအိမ်တိုင်းတွင် တပ်ဆင်အသုံးပြုသော အရာတစ်ခု ဖြစ်လာသည်။ CCTV Installation ပိုင်းကို တတ်မြောက်ထားပါက အလုပ်အကိုင် ရှာဖွေရာတွင် ပိုမို အထောက် အကူ ပြုနိုင်သကဲ့သို့ လုပ်ငန်းခွင်အတွင်း ရာထူး၊ လစာများ ယှဉ်ပြိုင်ရာတွင်လည်း အားသာချက် များစွာရရှိစေနိုင်မည် ဖြစ်သည်။ နည်းပညာတိုးတက်မှု၏ ပြယုဒ်တစ်ခုဖြစ်သော Resperry Pi သည် လက်ရှိအချိန်တွင် လူသိနည်းနေသေးသော်လည်း လာမည့် အနာဂတ်ကာလ တစ်ခုတွင် နေရာ မပေးနိုင်သောComputer များအလုပ်လုပ် ဆောင်နိုင်မှုအပိုင်းကို များစွာအထောက်အပံ့ပေးနိုင် မည်ဖြစ်သည်။ Resperry Pi ဆိုသည်မှာ ဆေးလိပ်ဘူးခွံပမာဏသာရှိသော ကွန်ပျူတာ အသေးစားတစ်လုံးကို ခေါ်ဆိုခြင်းဖြစ်ပြီး ကွန်ပျူတာလုပ်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်သော နည်းပညာသစ် ထုတ်ကုန်တစ်ခု ဖြစ်သည်။ တန်ဖိုး အားဖြင့်လည်း လွန်စွာသက်သာပြီး မည့်သည့် Display များနှင့်မဆို တွဲဖက်အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ Resperry Pi အကြောင်းကို လေ့လာသင်ယူထားခြင်းအားဖြင့် နည်းပညာသစ်များ အကြောင်းကို ထိတွေ့ခွင့် ရမည်ဖြစ်ပြီး လုပ်ငန်းခွင် အတွက်လည်း များစွာအကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်သည်။

Computer Engineer တစ်ဦးအဖြစ် အထက်ပါ ဘာသာရပ်များကို လေ့လာသင်ယူပြီးပါက လုပ်ငန်းခွင် ဝင်ရောက်ရန် အသင့်အနေအထားသို့ ရောက်ရှိနေပြီဟု အကြမ်းအားဖြင့် ဆိုနိုင်မည်ဖြစ်သည်။ သို့သော် ပြီးပြည့်စုံသော ပညာရှင်တစ်ဦးအဖြစ် လစာ၊ ခံစားခွင့်နှင့် ရာထူးအတွက် နိုင်ငံတကာ အသိအမှတ်ပြု Certificate များနှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှုတို့ကိုပါ ပေါင်းစပ်ရန် ထပ်မံလိုအပ်ဦးမည်ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြု Certificate အတွက် မိမိရွေးချယ်ရာ လမ်းကြောင်းအလိုက် Microsoft  Certified, Cisco (CCNA, CCNP) တို့ကို လေ့လာ ဖြေဆိုနိုင်မည်ဖြစ်ပြီး လုပ်ငန်းခွင်ကျွမ်းကျင်မှု အတွက် သင်ထောက်ကူပစ္စည်း ပြည့်ဝကာ ထိရောက်မှု ရှိသော သင်ကြားမှု ပါဝင်သည့် သင်တန်းမျိုးအား ရွေးချယ် တက်ရောက်ရမည် ဖြစ်သည်။ လက်ရှိ ပြည်တွင်းဝင်ရောက်လာသော ဆက်သွယ်ရေးလုပ်ငန်းများ ဖြစ်သည့် Ooredoo, Telenor တို့တွင် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသော ပညာရှင်များစွာ လိုအပ်လျက်ရှိရာ Srevice + Engineer ကျောင်းသားများမှာ အကောင်းဆုံးသော အခွင့်အရေးများကို ပိုင်ဆိုင်သူများအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။

လုပ်ငန်းခွင်ဝင်ရောက်ရန်အတွက် အသင့်အနေအထားသို့ ရောက်ရှိနေပါက မိမိ၏ ပညာရပ်ပေါ်တွင် ယုံကြည်မှုပြည့်ဝစွာဖြင့် သက်ဆိုင်ရာ အလုပ်အကိုင်များကို လျှောက် ထားနိုင်မည်ဖြစ်သည်။ မိမိတတ်ကျွမ်းသော ဘာသာရပ်အလိုက် သင့်လျော်သော ရာထူး၊ လစာတို့ကို တောင်းဆိုရန် အတွက်လည်း ကြိုတင်ပြင်ဆင် ထားသင့်သည်။ လက်ရှိ နည်းပညာလုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၏ လုပ်ခလစာများသည် မိမိတောင်းဆိုသော ပမာဏနှင့် အလှမ်းမဝေးကွာသော အနေအထားတွင် ရှိနေရန်လည်း အရေးကြီးလှသည်။ Computer Engineer တစ်ဦးအနေဖြင့် လက်ရှိ အချိန်တွင် အလုပ်အကိုင်နေရာများစွာ ပေါ်ထွက်လျက်ရှိပြီး အခြေခံလစာအနေဖြင့် ပြည်တွင်းတွင် ကျပ် ၁၀၀,၀၀၀ ၀န်းကျင်မှ ကျပ် ၅၀၀,၀၀၀ အထိ ရရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ Computer Engineer တစ်ဦးအနေဖြင့် မိမိ၏ အရည်အချင်းနှင့် လုပ်သက်အလိုက် ခံစားရရှိနိုင်မည်ဖြစ်ပြီး Update ဖြစ်သော နည်းပညာများကို လေ့လာလိုက်စားခြင်းဖြင့် ပိုမိုတိုးတက်သော ကျွမ်းကျင်ပညာရှင်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနိုင် မည်ဖြစ်သည်။

(IMCS မှ ကူညီပံ့ပိုးသည်။)