Desktop operating system ဈေးကွက်တွင် Windows XP က ဒုတိယနေရာ၌ ဆက်လက်ရပ်တည်နေ

10417471_10152820513082825_6208645464061929905_n.jpg

မတ်လအတွင်း ကမ္ဘာတစ်ဝန်း desktop operating system သုံးစွဲမှုတွင် Windows XP က ၁၆.၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သော်လည်း ဈေးကွက်၏ ဒုတိယနေရာ၌ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ကြောင်း Net Application မှ ဖော်ပြခဲ့သည်။

Windows XP ၏ ဈေးကွက်ရှယ်ယာသည် ဖေဖော်ဝါရီလက ၁၉.၁ ရာခိုင်နှုန်းရှိခဲ့သည်။ သို့သော်လည်း ၎င်းသည် Windows 8 နှင့် Windows 8.1 တို့၏ စုစုပေါင်း ဈေးကွက်ရှယ်ယာ ၁၄ ရာခိုင်နှုန်းထက် သာလွန်နေဆဲ ဖြစ်သည်။ Windows 8.1 ၏ ဈေးကွက်ရှယ်ယာသည် ၁၀.၅ ရာခိုင်နှုန်းရှိပြီး တတိယနေရာ၌ ရပ်တည်နေကာ Windows 8 မှာ ၃.၅ ရာခိုင်နှုန်းဖြင့် ပဉ္စမနေရာ၌ ရပ်တည်လျက်ရှိသည်။

Desktop operating system ဈေးကွက်တွင် ဦးဆောင်နေသူမှာ Windows 7 ဖြစ်ပြီး ဈေးကွက်ရှယ်ယာမှာ ၅၈ ရာခိုင်နှုန်း ဖြစ်သည်။

၁၃ နှစ်သက်တမ်းရှိပြီ ဖြစ်သည့် Windows XP သည် ကွန်ပျူတာသုံးစွဲသူများ အကြားတွင် ရေပန်းစားနေခြင်းက Microsoft ၏ operating system ဗားရှင်းသစ်များထံ ပြောင်းလဲအသုံးပြုရန် ကြိုးပမ်းခြင်းအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ Microsoft သည် Windows XP အတွက် အားနည်းချက်များ ပြင်ဆင်ခြင်းနှင့် အခြား patch များ ထောက်ပံ့ခြင်းတို့ကို လွန်ခဲ့သည့် တစ်နှစ်ခန့်က ရပ်ဆိုင်းခဲ့သောကြောင့် သုံးစွဲသူများက လုံခြုံရေးအန္တရာယ် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေသည်။

Microsoft သည် ယခုနှစ်ကုန်ပိုင်းတွင် Windows 10 ကို ဖြန့်ချိရန် စီစဉ်နေပြီး ၎င်းကို Windows 7 နှင့် Windows 8.1 သုံးစွဲသူများက ပထမနှစ်အတွက် အခမဲ့ upgrade ပြုလုပ်ကာ အသုံးပြုနိုင်မည်ဟု ကြေညာထားသည်။ ထို့အတွက်ကြောင့် သုံးစွဲသူများသည် လက်ရှိအသုံးပြုနေသည့် ကွန်ပျူတာပေးတွင် Windows 10 ကို အခမဲ့ download ပြုလုပ်ကာ တိုက်ရိုက် upgrade လုပ်နိုင်မည် ဖြစ်သည်။ သို့သော်လည်း Windows XP နှင့် Vista သုံးစွဲသူများကမူ ၎င်းတို့၏ ကွန်ပျူတာများမှတစ်ဆင့် Windows 10 ကို upgrade ပြုလုပ်နိုင်မည် မဟုတ်ကြောင်း Microsoft မှာ ပြောကြားထားသည်။

လက်ရှိတွင် Windows 10 ကို technical preview အနေဖြင့် ဖြန့်ချိထားပြီး ၎င်း operating system သစ်ကို သုံးစွဲသူမှာ ၀.၁ ရာခိုင်နှုန်းအောက်တွင်သာ ရှိသေးကြောင်း Net Application မှ ဖော်ပြခဲ့သည်။

Ref: CNET