Clubman ပြီးတော့ MINI Cooper ရဲ့ ခြေလှမ်းသစ်ဖြစ်တဲ့ Paceman

Car.jpg

အခုပြောမယ့် Paceman မော်ဒယ်ဆိုတာက ဥရောပအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ MINI ရဲ့ မော်ဒယ် တစ်မျိုး။ သက်တမ်းအားဖြင့် တွက်မယ်ဆိုရင် ဒီလောက်ကြီး မကြာသေးဘူးလို့ဆိုရမယ့် မော်ဒယ်ဖြစ်ပေမယ့် တစ်ခုရှိတာက အခု MINI ရဲ့ မော်ဒယ်တွေက နောက်ပိုင်း mini ကားလောကမှာ ဈေးကွက်ပိုင်ဆိုင်မှု အများကြီးရရှိလာတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အင်ဂျင်ပိုင်းစွမ်းဆောင်ရည် ကောင်းမွန်မှုကနေ မော်ဒယ်က လူကြိုက်များလာတာလည်း ဖြစ်ပါတယ်။ ပုံမှန်အတိုင်း တွက်ရမယ်ဆိုရင် mini တော်တော်များများက အင်ဂျင်အသေးကို တပ်ဆင်ထုတ်လုပ်ထားတတ်တာကြောင့် စွမ်းဆောင်မှုပိုင်း အားနည်း တတ်ကြပေမယ့် အခု MINI ရဲ့ မော်ဒယ်တွေကတော့ စွမ်းဆောင်ရည်ပိုင်း အထူးကောင်းမွန်တာကြောင့် လူကြိုက်များတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် Paceman ဆိုတာက ဥရောပဈေးကွက်အတွက် အထူးရည်ရွယ်ပြီး ထုတ်လုပ် ထားတာဖြစ်တာကြောင့် ဈေးကွက် အနေအထားအရ  အရည်အသွေးကို ပုံမှန်ထက်ကောင်းအောင် ထုတ်လုပ် ဖန်တီးထားတာ ဖြစ်သလို လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်မျိုးပါ ရရှိအောင် ဖန်တီးထားတာကြောင့် အကြိုက်တွေ့မယ့် မော်ဒယ်လို့ ထင်မိပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ကြည့်ရအောင်ပါ။

အားသာချက်

မောင်းနှင်ရမှု အပိုင်းမှာ ဖျော်ဖြေရေး ပုံစံမျိုးလောက်ထိအောင်ကိုပဲ စွမ်းဆောင်ပေးနိုင်တာက အဓိက အားသာချက်ပါ။ ဆိုလိုတာကတော့ မောင်းနှင်ရမှုအတွက် ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု၊ အားရ နှစ်ခြိုက် မှုတွေကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။ အင်ဂျင်ပိုင်းက အရွယ်သေးငယ်သလို ဆီစားနှုန်းလည်း အထူးသက်သာတာက ရေရှည်အတွက်လည်း သင့်တော်စေမှာ ဖြစ်သလို mini တစ်စီး ဖြစ်ပေမယ့် ဘီးစုံယက်စနစ်နဲ့ ထိအောင် ထုတ်လုပ်ထားတာ၊ ရွေးချယ်ဝယ်ယူနိုင်တာတွေက တခြား Crossover တွေထက်ကိုပဲ အားသာနေတဲ့ တစ်ချက် ဖြစ်လာပါတယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ ပြောချင်တာကတော့ အတွင်းခန်းအကျယ် အဝန်းပိုင်းမှာ တံခါးနှစ်ပေါက်စနစ် mini တွေထက်ကိုပဲ ပိုမိုကျယ်ဝန်းတာကြောင့် ခရီးဝေးသွားလာမှုတွေအတွက်ပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

အားနည်းချက်

Base Grade အနေနဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်က အားနည်းချက်တချို့ ရှိနေတာတွေ့ရပြီး နောက်ဆုံး အားသာချက်ဖြစ်တဲ့ စွမ်းဆောင်ရည်ပိုင်းမှာကိုပဲ Base မော်ဒယ်ရဲ့ အင်ဂျင်က အရှိန်မြှင့်တင်နိုင်မှုအပိုင်းမှာ အားနည်းပြီး အပြေးနှေးချင်တာ တွေ့ရပါတယ်။ နောက်တစ်ချက်က mini မော်ဒယ်ဖြစ်တာကြောင့် အရမ်းဝလွန်းသူတွေ မောင်းနှင်မယ်ဆိုရင် အနည်းငယ် အခန်းကျပ်ချင်တာ ဖြစ်သလို ဈေးနှုန်းပိုင်းမှာလည်း Countryman ထက်ကိုပဲ ဈေးနည်းနည်း များနေတာက ဝယ်မယ့်သူအတွက် စဉ်းစားစရာအချက် ဖြစ်စေနေတာ ဖြစ်ပါတယ်။

အင်ဂျင်

တပ်ဆင်ထားတဲ့ အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် ၁.၆ လီတာသုံး ပုံမှန်လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပြီးတော့ ဒီအင်ဂျင်စနစ်က Countryman မှာ မြင်တွေ့ရတဲ့ အင်ဂျင်အရွယ် ဖြစ်ပေမယ့် တည်ဆောက်ဖန်တီးထားရှိမှု အပိုင်းမှာ Countryman က အင်ဂျင်စနစ်ထက်ပိုပြီး ရုန်းအားကောင်းတာ တွေ့ရပါတယ်။ အင်ဂျင်ရဲ့ ရုန်းအားက ၁၁၄ ပေါင်-ပေမှာဆိုရင် စွမ်းအင်ထွက်ရှိမှုနှုန်း မြင်းကောင်ရေ ၁၂၁ ကောင်အားရှိပြီးတော့ မော်ဒယ်က ကွေ့လမ်းလိုနေရာတွေကအစ အရှိန်ပြန်လည် မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာ အားကောင်းတာ တွေ့ရသလို လမ်းကြမ်းပိုင်းမှာလည်း Off-Road စစ်စစ် အနေအထားကို မရနိုင်ပေမယ့် ရုန်းကန်နိုင်မှုအပိုင်းမှာတော့ လမ်းကြမ်းအနေအထားလည်း မောင်းနှင်နိုင်ပါတယ်။

မောင်းနှင်နိုင်မှု

မော်ဒယ်က mini တစ်စီးအတွက် အဆင်ပြေစေမယ့် ရှေ့ဘီးယက်စနစ်နဲ့လည်း ရနိုင်သလို  ပြောခဲ့ပြီးသလို ဘီးစုံယက်စနစ်နဲ့လည်း ရနိုင်ပါတယ်။ ဒီနေရာမှာ မြို့တွင်းသုံး အနေအထားအတွက် ကတော့ ရှေ့ဘီးယက်စနစ်ကို သဘောကျမိပြီး ခရီးသွားတတ်တယ်ဆိုတဲ့ သူတွေအတွက်တော့ ဘီးစုံယက်စနစ်နဲ့ဆိုရင် မော်ဒယ်က ပိုမို ထိန်းချုပ်မောင်းနှင်ရကောင်းပါလိမ့်မယ်။ Transmission ပိုင်းမှာတော့ Manual စနစ်နဲ့လည်း ရနိုင်သလို Auto စနစ်နဲ့လည်း ရွေးချယ်နိုင်ပြီး အသုံးပြုမောင်းနှင်နိုင်မယ့် ဂီယာချက် အရေအတွက်ကတော့ စနစ်နှစ်မျိုးစလုံးအတွက် ၆ ချက်စီပဲ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာ မော်ဒယ်က ရုန်းအားအပိုင်းကို ဦးစားပေး ပုံစံဖြစ်နေတာကြောင့် အားနည်းတာ တွေ့နိုင်ပြီး တစ်နာရီမိုင် ၆၀ နှုန်းကို အချိန် ၉.၇ စက္ကန့်ထိအောင် ယူမှာဖြစ်တာကြောင့် Countryman ထက် အမြန်နှုန်းမြှင့်တင်နိုင်မှု အားနည်းတာ တွေ့နိုင်ပေမယ့် တောင်တက်လမ်းနဲ့ လမ်းကြမ်းအနေအထားမှာ ရုန်းအား ပိုကောင်းတာကတော့ အမှန်ပါ။ အမြန်ဆုံး မောင်းနှင်နိုင်မယ့် နှုန်းက တစ်နာရီ မိုင် ၁၁၀ ကျော် ဖြစ်ပေမယ့် mini မော်ဒယ်ဖြစ်တာကြောင့် အဆိုပါ နှုန်းလောက်ထိအောင် မောင်းနှင်ဖို့ မကောင်းပါဘူး။ ဘရိတ်ပိုင်းမှာက တစ်နာရီ မိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ်ဆိုရင် အကွာအဝေး ပေ ၁၂၀ ယူမှာဖြစ်ပြီး ဒါက mini တွေထဲမှာ တိုတောင်းတဲ့ ပမာဏ ဖြစ်ပါတယ်။

ဆီစားနှုန်း

 မော်ဒယ်အနေနဲ့ ရုန်းအား ကောင်းကောင်း၊ အင်ဂျင် သေးသေး၊ Transmission ပိုင်းမှာက Manual စနစ်နဲ့ ပြီးတော့ ရှေ့ဘီးယက်စနစ်ကိုပဲ ရွေးချယ်ဝယ်ယူမယ်ဆိုရင် ပိုမိုကောင်းမွန် သက်သာတဲ့ ဆီစားနှုန်း ပမာဏကို မြင်တွေ့ရမှာဖြစ်ပြီးတော့ ပျမ်းမျှအနေနဲ့ ဆီတစ်ဂါလံကို ၃၁ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာပါ။ တကယ်လို့ Auto စနစ်နဲ့ဆိုရင်တော့ ပျမ်းမျှ မိုင်လောက်ထိအောင်ပဲ ရမှာဖြစ်လို့ ကျွန်တော်ကတော့ Auto မော်ဒယ်ကို သိပ်မကြိုက်ပါဘူး။ City လမ်းကြောင်းတွေအတွက်ဆိုရင် ပျမ်းမျှ ၂၈ မိုင်နဲ့ Highway အတွက်ဆိုရင် ၃၅ မိုင်လောက်ထိအောင် စီးနင်းနိုင်မယ်ဆိုရင် mini တစ်စီးအတွက် Paceman ရဲ့ ဆီစားက မများပါဘူး။ မော်ဒယ်က ဥရောပလို ချေးများတဲ့ ဈေးကွက်အတွက် ဖန်တီးထားတာကြောင့် အရည်အသွေးပိုင်းမှာ စိတ်ချရမှာ ဖြစ်ပေမယ့် ဈေးနှုန်းပိုင်းမှာပဲ တခြားပြိုင်ဘက်တွေထက် နည်းနည်းပိုများနေတာကြောင့် ကိုယ်တိုင်နှစ်သက်ခြင်း ရှိ၊ မရှိဘဲ စဉ်းစားရတော့မှာ ဖြစ်ပါရဲ့။

Ref: www.edmunds.com