Go Green in the City စီမံခန့်ခွဲမှုပြိုင်ပွဲ ကျင်းပ

IMG_9642.jpg

ကမ္ဘာတစ်ဝှမ်း၏ စွမ်းအင်စီမံခန့်ခွဲမှု နယ်ပယ်တိုင်းတွင် ဦးဆောင်လျက်ရှိသော ပြင်သစ်နိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်သည့် Schneider Electric ကုမ္ပဏီမှ နှစ်စဉ် ကျင်းပ လျက် ရှိသည့် Go Green in the City အမည်ရှိ တီထွင် ဆန်းသစ်သော စိတ်ကူး အကြံဥာဏ်များပြိုင်ပွဲကို Schneider Electric (Myanmar) ရုံးချုပ်၏ အစည်းအဝေးခန်းမ၌ ဧပြီ ၂ ရက်က ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ်ကျင်းပလျက် ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ အရှေ့အာရှပြိုင်ပွဲဝင် အသင်းများအနေဖြင့် အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ပြိုင်ပွဲဝင် အသင်းများ၏ နောက်ဆုံး အဆင့်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် ဇွန်လအတွင်း ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ဒီပြိုင်ပွဲကို နှစ်စဉ်ကျင်းပလာတာ ဒီနှစ်ဆိုရင် ၅ နှစ်ရှိပါပြီ။ ပြိုင်ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူငယ်တွေကို အဆင့်မြင့် စွမ်းအင် စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်တွေကို အသိပညာပေးချင်လို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အခုအကြိမ်က ဒုတိယအကြိမ်မြောက် ဖြစ်ပြီးတော့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မယ့်သူများ အဖြစ် National Management College မှ ကျောင်းသူ မတင်ထားလွင်နဲ့ Myanmar Maritime University မှ ကျောင်းသား မောင်ထူးဇော်လွင်တို့ နှစ်ယောက် ဖွဲ့စည်း ထားတဲ့ Green Hands အဖွဲ့ကို ရွေးချယ်ထားပါတယ်” ဟု Schneider Electric (Myanmar) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပြိုင်ပွဲကို အသက် ၁၈ ပြည့်ပြီး တက္ကသိုလ်ဒုတိယနှစ်နှင့်အထက်၊ အင်ဂျင်နီယာနှင့် စီးပွားရေး ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အမျိုးသမီးတစ်ယောက် ပါဝင်သည့် နှစ်ယောက်တစ်သင်းဖွဲ့၍ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“ဒီပြိုင်ပွဲက International Student တွေကို ယှဉ်ပြိုင်ခိုင်းတာဖြစ်တဲ့အတွက် အတွေ့အကြုံအသစ်တွေ၊ idea အသစ်တွေ၊ အတွေးအခေါ်အသစ်တွေ အများကြီး ရတဲ့ အတွက်ကြောင့် ဝင်ပြိုင်တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုသူများအနေနဲ့ အင်္ဂလိပ်စာကို အဓိကကောင်းအောင် လေ့ကျင့်ထားသင့်ပါတယ်” ဟု အဆိုပါပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်သူ ရေကြောင်းပညာတက္ကသိုလ်မှ ကိုထူးဇော်လွင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။